CNI International News

ဝါရှင်တန်၊ ဧပြီ ၃

တရုတ်သည် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲက ရုရှားနိုင်ငံ အသုံးပြုခဲ့သော သတင်းအမှားများဖြန့်သည့် နည်းဗျူဟာအချို့ကို ကျင့်သုံးခဲ့ကြောင်း အမေရိကန် သုတေသီများနှင့် အစိုးရအရာရှိများက ပြောကြားခဲ့ကြောင်း New York Times မှ ဖော်ပြခဲ့သည်။ 

တရုတ်၏ လျှို့ဝှက်အကောင့်များသည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားပြီး ယုံမှားသီအိုရီများကို ဖော်ပြပြီး အမေရိကန်ပြည်တွင်းတွင် သဘော ထား ကွဲလွဲမှုများဖြစ်စေရန် လှုံ့ဆော်နေကြသည်ဟု သုတေသီများနှင့် အစိုးရအရာရှိများက ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားသည့် ထိုလူမှုမီဒီယာ အကောင့်များသည် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)ကို ဝေဖန်တိုက်ခိုက်ခဲ့သည်။

ထိုအကောင့်များသည် ဘိုင်ဒန် အပါအဝင်  အမေရိကန် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများကို ပစ်မှတ်ထားမှုနှင့်အတူ တရုတ်သည် အမေရိကန်နိုင်ငံရေးလောကအား လွှမ်းမိုးရန် ရည်ရွယ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ လျူပန်းယုကို တွေ့ရစဉ်

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားက လွှမ်းမိုးခဲ့သည့် ပုံစံအတိုင်း တရုတ်သည် ဘိုင်ဒန် အစိုးရအဖွဲ့၏ မူဝါဒများကို လျော့ပါးစေရန်နှင့် ပါတီများအကြား စိတ်သဘောထား ကွဲလွဲစေရန် ကြိုးပမ်းနေပုံ ပေါ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ 

ဒေါ်နယ်ထရမ့်အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားသည့် အကောင့်များက ဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံအား ပုံစံမျိုးစုံဖြင့် ကြီးမြတ်စေရန် လုပ်ဆောင်မည့်သူဖြစ်ကြောင်း အမွှမ်းတင် ဖော်ပြခဲ့ကြပြီး ဘိုင်ဒန်၏ အသက်အရွယ်ကြီးရင့်မှုကို လှောင်ပြောင်သရော်ခဲ့ကြသည်။ 

ဖေဖော်ဝါရီလ အတွင်းကလည်း အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက တရုတ်သည် အစိုးရ ခေါင်းဆောင်များနှင့်ပတ်သက်ပြီး အမေရိကန်ပြည်သူများအကြား သံသယမျိုးစေ့များ ချပေးနေကြောင်း၊  အမေရိကန်၏ ဒီမိုကရေစီကို လျော့ပါးစေရန်နှင့် တရုတ်၏ လွှမ်းမိုးမှုကို ချဲ့ထွင်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ လျူ ပန်းယု (Liu Pengyu) ကမူ အမေရိကန်ရွေးကောက်ပွဲ သည် အမေရိကန်၏ ပြည်တွင်းရေးသားဖြစ်ပြီး တရုတ်သည် ကြားဝင်မစွက်ဖက်သည့် မူဝါဒကို ကျင့်သုံးနေ ကြောင်း ပြောကြားခဲ့သည်။

Source: New York Times