CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၇

ဘာစီလိုနာအသင်းဟာ အသလက်တီကို အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူဖွယ်မရှိဘူးလို့ AS သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကို အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ရာသီအစပိုင်းမှာ ပွဲထွက် ခွင့် ရခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ရနိုင်ဖို့အတွက် ရာဖင်ဟာ၊ ယာမဲလ်၊ ဖာရန်တောရက်စ်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ 

ဂျာအိုဖီးလစ်ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုး သွင်းယူကာ ၆ ဂိုး ဖန်တီးထားပေမယ့် ခြေစွမ်းတသမတ်တည်း ပြသနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ ဂျာအိုဖီးလစ်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ပြီး ထားရှိချင်တယ်လို့ ပြောထားပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေမှာ သူ့ကို အပြီးသတ်ဝယ်ယူဖို့ မရှိတော့တာပါ။ 

ဂျာအိုဖီးလစ်ကို တွေ့ရစဉ်

အဲဒါကြောင့် ပေါ်တူဂီ ကစားသမားဟာ အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီအကုန်မှာ အသလက်တီကိုအသင်းထံ ပြန်ရတော့မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဂျာအိုဖီးလစ်ကို နောက်ထပ် တစ်ရာသီ အငှားဆက်ပြီး ခေါ်ယူဖို့ ဆန္ဒရှိနေ တာပါ။

အသလက်တီကိုအသင်းဟာ ၂၀၁၉ ခုနှစ်က ဘင်ဖီကာအသင်းကနေ ယူရို ၁၂၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဂျာအိုဖီးလစ်ကို ဒီအပြောင်းအရွှေ့မှာ ယူရိုသန်း ၆၀ ရရင်ရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဂျာအိုဖီးလစ်ဟာ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး တင်းမာနေပေမယ့် အသလက်တီကိုအသင်းဟာ ဂျာအိုဖီးလစ်ကို ရောင်းချလို့ အဆင်မပြေရင် အသင်းမှာ ဆက်ပြီးထားနိုင်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်ဟာ အသလက်တီကိုအသင်းအတွက် ၁၃၁ ပွဲ ကစားထားပြီး ၃၄ ဂိုး သွင်းယူကာ ၁၈ ဂိုး ဖန်တီးထားပါတယ်။

ဂျာအိုဖီးလစ်နဲ့ အသလက်တီကိုအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။ 

Source: Sportsmole