CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၈

၂၀၂၃-၂၄ ရာသီအတွက်ချီးမြှင့်တဲ့ ချယ်လ်ဆီးအသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲမှာ ကွင်းလယ် တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ ဆု ၂ ခုရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းမှာ လျင်မြန်စွာအသားကျခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသနေတာပါ။ 

ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားပြီး ၂၄ ဂိုးသွင်းယူကာ ၁၃ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနဲ့ အသင်းဖော်တွေအချင်းချင်း မဲပေးရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာပါ။

ကိုးလ်ပါလ်မာဟာ ဟာဇက်၊သီယာဂိုဆေးလ်ဗား၊ဝီလီယံတို့နဲ့အတူ တစ်ရာသီထဲမှာ ဒီဆု ၂ ခုကိုရယူနိုင်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားစာရင်းထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

 ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၁ ဂိုးသွင်းယူထားပြီး ၂၅ ဂိုးသွင်းယူထားတဲ့ မန်စီးတီးအသင်းဖော်ဟောင်း ဟာလန်းရဲ့ အနောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဒုတိယနေရာ ရပ်တည်နေတာပါ။ 

အင်္ဂလန်ကစားသမားရဲ့ ခြေစွမ်းပြမှုနဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိပြီး ပရီးမီးယားလိဂ်အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

၂၀၂၃-၂၄ ရာသီအတွက် ချယ်လ်ဆီးအသင်းရဲ့ အခြားဆုတွေဖြစ်တဲ့ လူမှုရေးလုပ်ဆောင်မှုတွေအတွက်ပေးတဲ့ PFA Community Champions ဆုကို ဂယ်လာဂါနဲ့ မူဆိုဗစ်က ရရှိခဲ့ပြီး အမျိုးသမီး အကယ်ဒမီ အကောင်းဆုံး ကစားသမားဆုကို ကေတီကော့စ်က ရရှိခဲ့တာပါ။

 အမျိုးသားအကယ်ဒမီ အကောင်းဆုံးကစားသမားဆုကို ဂေးလ်ခရစ်ကရရှိခဲ့ပြီး အမျိုးသမီးအသင်းဖော်တွေအချင်းချင်းပေးတဲ့ဆုကို ဂျက်စ်ကာတာက ရရှိခဲ့ပါတယ်။ အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ လော်ရန်ဂျိမ်းစ်က ရရှိသွားခဲ့တာပါ။

ချယ်လ်ဆီးအမျိုးသားအသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့အဆုံးသတ်ခဲ့ရပြီး အမျိုးသမီးအသင်းကတော့ အမျိုးသမီးစူပါလိဂ်ဖလားရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

Source:Standard