CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ဒရုန်းဖြင့် အကြိမ် ၅၀ ကျော် ဗုံးကြဲပြီး အင်အား ၂၀၀ ကျော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ကို ထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း SSPP/SSA မှ မတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

MNDAA တပ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ် ကျေးရွာအုပ်စုနှင့် စယ်အူကျေးရွာအုပ်စု အတွင်း လှုပ်ရှားနေသော SSPP စစ်ကြောင်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီကျော်က ဒရုန်း များဖြင့် ဗုံးကြဲတိုက်ခိုက်၍ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် မတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် စယ်အူကျေးရွာအုပ်စု၊ ပန်နားကျေးရွာအနီးရှိ လယ်ကွက်ထဲ ကနေ MNDAA(ကိုးကန့်တပ်ဖွဲ့)က အင်အား ၂၀၀ ဖြင့် SSPP ၏ အထူးတပ်စခန်းကို ဒရုန်းနှင့် အကြိမ် ၅၀ ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊  နံနက် ၁၁ နာရီကျော်မှာတော့ မြေပြင် စစ်အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု SSPP/SSA က ထုတ်ပြန်ခဲ့သည်။

SSPP က “တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို SSPP/SSA မှ ခုခံကာ ကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်း ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြဿနာများ ဖြေရှင်းသွားနိုင်ရန်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်”ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ဖြင့် လုံးဝဖြေရှင်း၍ မရခဲ့မှသာ မိမိအဖွဲ့အစည်း မိမိအုပ်ချုပ်ရေး နယ်မြေအတွင်းရှိ မိဘပြည်သူများကို ထိပါးစော်ကားမှု ပြုလုပ်ခဲ့ပါက SSPP/SSA အနေဖြင့် ထိထိရောက်ရောက် တုန့်ပြန်သွားမည် ဟု SSPP က ထုတ်ပြန်ခဲ့သည်။

SSPP တပ်ဖွဲ့ကို တွေ့ရစဉ်

MNDAA၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြို့ သိမ်း တိုက်ပွဲနှင့် မြန်မာ့တပ်မတော် စစ်စခန်းများ သိမ်းပိုက်ရေး ကြိုးပမ်းခဲ့သည်။

ထို့နောက် MNDAA က သိန္နီ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ကွမ်လုံ၊ လောက်ကိုင်၊ ကုန်ကြမ်း တို့ကို သိမ်းပိုက်၍ အုပ်ချုပ်ရေးနယ်မြေ ထူထောင်လျက်ရှိပြီး တခြားသော လက်နက်ကိုင်တပ်ဖွဲ့များကို လှုပ်ရှားခွင့် မပြုကြောင်း ထုတ်ပြန်ထားသည်။

အလားတူ TNLA ကလည်း နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ တို့ိကို သိမ်းပိုက်၍ အုပ်ချုပ်ရေး နယ်မြေထူထောင်လျက်ရှိနေသည်။

ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် TNLA ကြား နမ့်ခမ်းမြို့နယ်အတွင်းမှာ နယ်မြေ အငြင်း ပွားကာ စစ်ရေးတင်းမာလျက်ရှိသလို SSPP နှင့် MNDAA ကြား သိန္နီမြို့နယ်အတွင်းမှာ နယ်မြေအငြင်းပွား၍ စစ်ရေးတင်းမာလျက်ရှိနေသည်။

SSPP/SSA သည် မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမောက်၊ ပင်လုံ၊ ရပ်စောက် စသည့် မြို့နယ်များမှာ လှုပ်ရှားလျက်ရှိပြီး အုပ်ချုပ်ရေးထူထောင်လျက်ရှိသည်။