CNI International News

နယူးဒေလီ၊ မတ်လ ၂၈ 

အိန္ဒိယသည် မြန်မာနှင့် ထိစပ်နေသည့် ကီလိုမီတာ ၁၆၁၀ အရှည်ရှိသည့် ၎င်း၏ နယ်စပ်တစ်လျှောက် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံနီးပါး တန်ကြေးရှိသည့် နယ်စပ်စည်းရိုးကို ဆယ်စုနှစ်တစ်စုကြာ အချိန်ယူတည်ဆောက်သွားရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မှောင်ခိုကူးမှုနှင့် အခြား တရားမဝင် လှုပ်ရှားမှုများကို တားဆီးရန် ထိုကဲ့သို့ နယ်စပ်စည်းရိုး တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထိုအကြောင်းအရာနှင့် တိုက်ရိုက်ပတ်သက်မှုရှိသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ယခုနှစ် အစပိုင်းကလည်း မြန်မာနယ်စပ်တစ်လျှာက် ခြံစည်းရိုးကာရန်နှင့် နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်အစီအစဉ်ကို အဆုံးသတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြောင့် အမျိုးသားလုံခြုံရေးနှင့် အိန္ဒိယအရှေ့မြောက်ဒေသ ၏ လူဦးရေ တည်ရှိမှုကို ထိန်းသိမ်းရန် အကြောင်းပြချက်များဖြင့် ထိုအစီအစဉ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။

 မြန်မာ(တမူး)နဲ့ အိန္ဒိယ(မိုးရေ)နယ်စပ်ထွက်ပေါက်ကိုတွေ့ရစဉ်

ယခုလအစောပိုင်းတွင် အိန္ဒိယအစိုးရ၏ ကော်မတီတစ်ခုက နယ်စပ်စည်းရိုးတည်ဆောက်မည့် ကုန်ကျစရိတ်ကို အတည်ပြုခဲ့ပြီး ထိုအသုံးစရိတ်ကို ဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ အစိုးရအဖွဲ့က အတည်ပြုရန် လိုအပ်နေ သေးကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ထိုသတင်းနှင့်ပတ်သက်ပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန်တောင်းဆိုချက်ကို ချက်ချင်းမတုန့်ပြန်ခဲ့ပေ။

ထို့အတူ မြန်မာနိုင်ငံကလည်း အိန္ဒိယ၏ အစီအစဉ်များနှင့်ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။

ထိုသို့ နယ်စပ်စည်းရိုး တည်ဆောက်မည့် အစီအစဉ်သည် မြန်မာနှင့်ထိစပ်နေသည့် မဏိပူရ  (Manipur) ပြည်နယ် တွင် လူမျိုးရေးအရ တင်းမာမှုများကို ဖြစ်စေနိုင်ကြောင်း အိန္ဒိယအစိုးရထဲမှ အဖွဲ့ဝင်အချို့က ဝေဖန်ပြစ်တင်ခဲ့ သည်။ 

မြန်မာနှင့်ထိစပ်နေသည့် နယ်စပ်တွင် ခြံစည်းရိုး တည်ဆောက်မှုသည် ၁ ကီလိုမီတာအရှည်ကို ရူပီး ၁၂၅ သန်းခန့် ကုန်ကျမည်ဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ်က ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် နယ်စပ်ကို ခြံစည်းရိုးတည်ဆောက်မှု ကုန်ကျစရိတ်ထက် နှစ်ဆကျော် ပိုမိုများပြားလာနိုင်ခြေရှိသည်။

Source: ဘန်ကောက်ပို့စ်a