CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၄

ပါကစ္စတန်နိုင်ငံတွင် မတ်လ ၃ ရက်က ဝန်ကြီးချုပ်ဟောင်း ရှာဘက်ရှရစ်ဖ် (Shehbaz Sharif) ကို ဝန်ကြီးချုပ် အဖြစ် ဒုတိယအကြိမ် မဲပေးရွေးချယ်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

ပါကစ္စတန်တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီးနောက် သီတင်း ၃ ပတ်အကြာတွင် အမျိုးသားလွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည့် လွှတ်အမတ်များက ရှရစ်ဖ်ကို ထောက်ခံမဲ ၂၀၁ မဲဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

“ရှာဘက်ရှရစ်ဖ်ကို ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာပါတယ်” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် ဆာဒါး အိုင်ယက်ဇ် ဆာဒစ် (Sardar Ayaz Sadiq) က ပြောကြားခဲ့သည်။

ရှရစ်ဖ်မိသားစု၏ ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီသည် ၎င်းတို့၏ ကာလကြာရှည် ပြိုင်ဘက်ဖြစ်ခဲ့သည့် ပါကစ္စတန်ပြည်သူ့ပါတီ(PPP) အပါအဝင် အခြားပါတီငယ်များနှင့်အတူ မဟာမိတ်ဖွဲ့ ခဲ့သော်လည်း အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း အမ်မရာခမ်း (Imran Khan) ကို ထောက်ခံသည့် ကိုယ်စားလှယ်လောင်းများကိုမူ ထည့်သွင်းခဲ့ခြင်းမရှိပေ။

ဝန်ကြီးချုပ်ဟောင်း အမ်မရာခမ်းကို တွေ့ရစဉ်

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ၏ ကျန်ရစ်သူ ခင်ပွန်း သည်ဖြစ်သည့် PPP ပါတီအကြီးအကဲ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) ကို သမ္မတရာထူးပေးမည်ဟု PML-N ပါတီက သဘောတူခဲ့သည်။

ခမ်းသည် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီက အကျဉ်းချခံခဲ့ရပြီး ၎င်း၏ ပါကစ္စတန် တာရက်အီ အင်ဆက်ဖ် (PTI) ပါတီဝင်များသည်လည်း ဖမ်းဆီးခံရခြင်း၊ အကျဉ်းချခံရခြင်းတို့ဖြင့် ဖိနှိပ်ခံခဲ့ရသည်။

ထို့ကြောင့် PTI ပါတီဝင်များသည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့သည်။

အသက် ၇၂ နှစ်အရွယ် ရှရစ်ဖ်သည် ၂၀၂၂ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် အမ်မရာခမ်း နေရာတွင် အစားထိုး တာဝန်ယူခဲ့သည်။

Source: CNA