CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၄

နယ်စပ်ကုန်သွယ်မှုနှင့် နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု ၂ နိုင်ငံ (တရုတ်-မြန်မာ) အစိုးရများ၏ စီမံခန့်ခွဲမှုအောက်မှာ ပဲ ရှိမှာဖြစ်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ မြောက်ပိုင်းသုံးဖွဲ့(MNDAA-TNLA- AA)တို့နှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် MNDAA သိမ်းပိုက်ထားသော နယ်မြေ အထူးသဖြင့် ကိုးကန့်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှုအား MNDAA က ၇၀ ရာခိုင်နှုန်းနှင့် အစိုးရက ၃၀ ရာခိုင်နှုန်းဖြင့် အကောက်ခွန်ကို ခွဲဝေရယူမည်ဟု သဘောတူခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုသတင်းများသည် အမှားသာဖြစ်ပြီး နယ်စပ်ဒေသကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် လက်နက်ကိုင် အဖွဲ့များ မရှိစေရေးနှင့် လက်နက်ကိုင်များ ရှိနေပါက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင့် ပြန်လည်ဖွင့်နိုင် မည်မဟုတ်ကြောင်းသာ ဆွေးနွေးခဲ့ကြသည်။

MNDAA နဲ့ တရုတ်အစိုးရမှ တာဝန်ရှိသူတို့ကို တွေ့ရစဉ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ နံပါတ် ၁ အချက်အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံပိုင်နက် နယ်နိမိတ် အချုပ်အခြာ အာဏာ Sovereignty သည် ဆက်လက် ခိုင်မြဲနေမှာဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ဒေသခံပြည်သူလူ ထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက် ဆောင်ရွက်နေပါတယ်။ နံပါတ် ၃ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုး ရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ ၂ နိုင်ငံ အစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါ တယ်”ဟု ပြောသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို အကောင် အထည်ဖော်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက လောက်ကိုင်၊ ကုန်ကြမ်း၊ ကြူကုတ်၊ ကွမ်လုံ၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ နမ္မတူ၊ ဟိုပန်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့ တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကို တွေ့ရစဉ်

ထို့နောက် ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ က စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည် နယ် အတွင်းက မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏကျွန်း တို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။

ထိုတိုက်ခိုက်များနှင့် နယ်မြေ ထိန်းချုပ်မှုများကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးများ မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေကာ နေ့စဉ် ဒေါ်လာ သန်းချီ နှစ်နိုင်ငံဆုံးရှုံးနစ်နာလျက်ရှိနေသည်။

အဆိုပါ နယ်မြေ နစကဘက်က ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ (၄)ကြိမ်မြောက် ဆွေးနွေးပွဲမှာ အသိအမှတ်ပြု ပေးလိုက်ရသည်ဟု ရေးသားနေကြသည်။

သို့သော် နယ်မြေ အသိအမှတ်ပြုခြင်း အချက်များမပါရှိသလို မြောက်ပိုင်းသုံးဖွဲ့ သိမ်းပိုက်ထားသော နယ်မြေ များအတွင်းကနေ တပ်များ ပြန်ဆုတ်ရေးကိုသာ နစကဘက်က ရပ်တည်ထားကြောင်း သိရသည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း နယ်မြေ ထိန်းချုပ်ခွင့် အသိအမှတ်ပြုသည်ဆိုသော သတင်းများမှာ အမှားသာဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် ဆွေးနွေးနေကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့သည်။