CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေ ၂၀၀၀၀ တန် ငွေကြေးရိုက်နှိပ်ထုတ်ဝေ၍ လူထုပိုမိုကျပ်တည်းအောင် ဆောင်ရွက်ခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များအနေဖြင့် ပိုပြီး အမြင်ကျယ်ကျယ်နှင့် တော်လှန်ရေးလုပ်ငန်းစဉ်များကို ချဲ့ထွင်ဖို့လိုသည်ဟု NUG ၏ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

NUG ၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောကြားသွားခဲ့သည်။

ဒူဝါလရှီးလက “တိုင်းပြည်ရဲ့ အတိတ်သမိုင်းကို ကြည့်ရင် စစ်အစိုးရအဆက်ဆက်ဟာ ကြုံသလို ကြည့်-ကြပ်-လုပ် ပေါ်လစီမျိုးနဲ့ လူထုအရေးကို လက်လွှတ်စပယ် လုပ်ခဲ့တာမျိုးတွေ အကြိမ်ကြိမ်တွေ့ရပါတယ်။ အခုလည်း ဘေးထွက် ဆိုးကျိုးကို နားမလည်ဘဲ ကျပ်ငွေ (၂) သောင်းတန် ငွေကြေးရိုက်နှိပ်တာမျိုးကို လုပ်နေတာ တွေ့ရ ပါတယ်။ လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စက ကြီးမားတဲ့ ဝန်ကို ထမ်းနေရပါတယ်။ ဒါ့ကြောင့် ကျနော် တို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ကို ချဲ့ထွင်ဖို့ လိုပါတယ်”ဟု ပြောသည်။

ထို့နောက် NUG အနေဖြင့် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို တရားဝင်ဖွင့်လှစ်ထားပြီဖြစ်၍ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ဖြစ် တည်မှုသည် မြန်မာကျပ်ငွေ၏ မခိုင်မာမှုကို အစားထိုးပေးနိုင်မည့် လူထုမျှော်လင့်ချက်ဖြစ်သင့်ကြောင်း၊  လူထု သည် ကျပ်ငွေအပေါ်မှာ မှီခိုအားထားနေရကြောင်း၊ ထို့ကြောင့် လူထုလုပ်အားများကို ကျပ်ငွေ မတည်ငြိမ်မှုက ဖျက်စီးလိုက်သလိုမျိုး မဖြစ်အောင် မိမိတို့ဘက်က ခေတ်မှီဘဏ္ဍာရေး မဟာဗျူဟာများနှင့် အကာအကွယ် ပြု ပေးရန် လိုကြောင်း ၎င်းက ပြောသည်။

ဗဟိုဘဏ်က ထုတ်ဝေမည့် ကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူဒီဇိုင်းကို တွေ့ရစဉ်

ဒူဝါလရှီးလက “ လူထုရဲ့ လုပ်အားတန်ဖိုးတွေကို လေထဲမှာ အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေဖို့၊ ကျပ်ငွေအပေါ် အမှီသဟဲ မပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို ကျနော်တို့ အနေနဲ့ စနစ်တကျ တည်ဆောက်ပေး ရပါ လိမ့်မယ်။ ဒါမှသာလျှင် စစ်ကောင်စီရဲ့ လက်အောက်ကလွတ်တဲ့ ဘဏ္ဍာရေးရပ်ဝန်းကို ပြည်သူတွေက ခံစားခွင့် ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပြီးစီးမှုနှင့် ရဋ္ဌနန္ဒက ဆင်ဖြူရှင်လေး မွေးဖွားခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူကို အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဟု ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ပြည်သူလူထုအား သေသေချာချာ ရှင်းရှင်းလင်းလင်း မထုတ်ပြန်ခဲ့ခြင်းကြောင့် လူထုအကြား စိုးရိမ်မှုများ မြှင့်တက်လာသလို ကုန်ဈေးနှုန်းများ အပါအဝင် ရွှေနှင့်ဒေါ်လာ ဈေးများလည်း အဆမတန် မြင့်တက်သွားခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

နစက၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငွေစက္ကူအသစ် ၂၀၀၀၀ တန်က အလုံးအရင်းနဲ့ထုတ်တာ မဟုတ်ဘူး။ အထိမ်းအမှတ် အနေနဲ့ထုတ်တာဖြစ်တယ်။ ကျနော်တို့ ၇၅ နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့မှာ ရွှေဒင်္ဂါးပြားကို အထိမ်းအမှတ် အနေနဲ့ထုတ်ခဲ့တာရှိတယ်။ အဲ့တုန်းကလည်း ပိုက်ဆံဘယ်လောက်ရှိရှိ များများ စားစား ဝယ်လို့မရပါဘူး။ ဒီမှာလည်း ဒီလိုပါပဲ ဒီအတိုင်းပါပဲ။ နောက်တစ်ခုက ငွေစက္ကူအဟောင်းတွေကို ဒီငွေ ကြေးနဲ့အညီ ပြန်လဲတဲ့အခါ ငွေစက္ကူ ၂၀၀၀၀ တန်ကို အထိမ်းအမှတ်အနေနဲ့ ပေးမှာဖြစ်တယ်။ ဒီဟာမှာလည်း အကန့်အသတ် ရှိတယ်။ ဘဏ်မှာ သိန်း ၁၀၀ သွားလဲရင် သိန်း ၁၀၀ လုံး ငွေစက္ကူအသစ် (၂၀၀၀၀ တန်) ထုတ် မပေးနိုင်ဘူး။ သုံးရွက်ပဲ ထုတ်ပေးမှာ တစ်ဦးကို သုံးရွက်ပဲ ထုတ်ပေးမှာ”ဟု ပြောသည်။

ထို့နောက် ကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေခြင်းဖြစ်၍ တခြားသော နိုင်ငံတော်မှ ထုတ်ဝေထားသည် ငွေကြေးများကို ဖျက်သိမ်းရန် အစီအစဉ်မရှိသလို ဖျက်သိမ်း၍လည်း မရ ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ (င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ပြဋ္ဌာန်းထားသည်။