CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၄

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကို ကိုးကန့်ဒေသ အုပ်ချုပ်ရေး အစိုးရအဖြစ် နစကဘက်က အသိအမှတ်ပြုလိုက်သည်ဆိုသော သဘောတူညီချက်မှာ မဟုတ်မှန်ဘဲ သတင်းအမှား ထုတ်လွှင့်နေခြင်းသာ ဖြစ်သည်ဟု နစကနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ဖြင့် နီးစပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (MNDAA-TNLA-AA)နှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ (၄) ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မတ်လ ၃ ရက်နေ့တွင် MNDAA နှင့် သဘောတူညီချက် တချို့ လက်မှတ်ရေးထိုးခဲ့သော်လည်း ကိုးကန့်ဒေသ အစိုးရအဖြစ် MNDAA အား သဘောတူညီချက် မပါဝင်ခဲ့ဘဲ ကိုးကန့်ဒေသကို အထူးဒေသ(၁) အဖြစ် လက်ခံကြောင်းသာ ပါဝင်ကြောင်း နစကနှင့် မြောက်ပိုင်း(၃)တို့ဖြင့် နီးစပ်သူ တစ်ဦးက ပြောသည်။

 MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ ကိုးကန့်ဒေသကို အထူးဒေသ(၁)လို့ အသိအမှတ်ပြုတယ်၊ ဒါပေမယ့် နယ်မြေသတ်မှတ်ဖို့အတွက် အချို့နယ်မြေမှာ သူတို့တပ်တွေ ပြန်ဆုတ်ပေးပြီးမှ ဆွေးနွေးမယ်။ အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး သဘော တူညီချက်ထဲမှာ မပါဘူး။  နယ်မြေ၊ အစိုးရ၊ တပ်နေရာချထားရေးကိုတော့ နောက်မှ ဆွေးနွေးမယ်။ တပ်တွေ ရောက်တဲ့ နေရာရပ်ထား၊  အပစ်ရပ်ထား၊ တပ်လှုပ်ရှားမှု မလုပ်ပါနဲ့ အဓိကအဲဒါတွေပါပဲ”ဟု CNI သတင်းဌာန သို့ ပြောသည်။

ထို့နောက် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲရန် အဓိကထား ဆွေးနွေးခဲ့ကြ သလို တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

နစကနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ဖြင့် နီးစပ်သူက “နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာ လက်နက်ကိုင် အဖွဲ့ ပေါင်းများစွာ  ရှိနေရင် လုပ်လို့မရပါဘူး။ ဒီကိစ္စဟာ G to G သာလုပ်ရမှာဖြစ်ပါတယ်။ လမ်းပေါ်မှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ မရှင်းသရွေ့နယ်စပ်ကုန်သွယ်ရေး မဖွင့်နိုင်သေးပါဘူး။ ဒါကတော့ တရုတ်ကို အဓိက ဆွေးနွေးခဲ့တာပါ”ဟု ပြောသည်။

 MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် MNDAA ကို ကိုးကန့်ဒေသအစိုးရအဖြစ် အသိအမှတ်ပြုလိုက်သည်ဆိုသော သတင်းမှာ အမှားသာ ဖြစ်ပြီး ကိုးကန့်အထူးဒေသ(၁)အဖြစ်ကိုသာ လက်ခံခြင်း ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် MNDAA က အကောက်ခွန် ၇၀ ရာခိုင်နှုန်းကို ယူပြီး အစိုးရက ၃၀ ရာခိုင်နှုန်းကို ယူရန် သဘောတူညီသည်ဆိုသော အချက် မှာလည်း အမှန်မဟုတ်ဘဲ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ လက်နက်ကိုင်အဖွဲ့များ မရှိစေရေးနှင့် လက်နက်ကိုင်များ ရှိနေပါက နယ်စပ်ကုန်သွယ်ရေးဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း တရုတ်နှင့်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း နစကနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ဖြင့် နီးစပ်သူများက ပြောသည်။

အလားတူ မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်သိမ်းပိုက်ထားသော နယ်မြေများကို နစကဘက်က အသိအမှတ်ပြုလိုက် သည်ဆိုသော အချက်မှာလည်း သတင်းအမှားသာဖြစ်ပြီး နစကဘက်က မြောက်ပိုင်းသုံးဖွဲ့၏ တပ်များ ပြန်ဆုတ် ပေးရေးကိုသာ ရပ်တည်ဆွေးနွေးခဲ့ပြီး မည်သည့် သဘောတူညီချက်မှ မပါဝင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။