CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁

မြောက်ပိုင်းမဟာမိတ်(ညီနောင်) ၃ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေးနွေးမှုသည် လက်ရှိ ‌နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိလာနိုင် လားဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုရှိနေသည်။

အဆိုပါ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တချို့နှင့် ဆက်စပ်မှုများ ရှိနေသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို နွေဦးတော်လှန်ရေးတွင် မပါဝင်ရန် ဟန့်တားမှု ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရ ကျော်လွှားနိုင်ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။

 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အထူးကိုယ်စားလှယ် ကောပေါင်နဲ့အဖွဲ့ကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “အဲဒီအင်အားစုတွေ နွေဦးတော်လှန်ရေးထဲ ပါနိုင်ရင်တော့ နွေဦးတော်လှန်ရေးက မြန်မြန်ဆန် ဆန် ပြီးဆုံးသွားမှာပေါ့ဗျာ၊ အခုအဲဒီလို မြောက်ပိုင်းက အဖွဲ့တွေထဲက ညီနောင်သုံးဖွဲ့ကို ဒီစစ်ပွဲထဲမှာ မပါဝင်ဖို့ အတွက် တရုတ်က ဝင်‌ရောက်စွက်ဖက်ပြီးတော့ ဟန့်တားဖို့ ကြိုးစားနေတဲ့ကိစ္စ နိုင်ငံရေးအရ တစ်ပြည်လုံး အကျိုးစီးပွားကို သဘောပေါက် ကျော်လွှားနိုင်ဖို့ လိုတယ်ဗျ၊ ဒါပေမဲ့ အဲဒီမှာတစ်ခု စိတ်ချမ်းသာစရာ ကောင်းတာ ကတော့ KIA မပါတာပဲ၊ KIA ကတော့ ကျနော်ထင်တာကတော့ KIA မြောက်ပိုင်း PDF တွေ ပူးပေါင်းပြီးတော့ နွေဦး စစ်ဆင်ရေး လှုပ်ရှားမှုမှာ ပါဝင်လာမယ်လို့ ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူက နိုင်ငံရေး အစဉ်အလာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တာကို ဒါကြောင့်မို့ တရုတ်က ပြောတိုင်းတော့ လက်ခံမယ်လို့ မထင်ဘူး။ ကျန်တဲ့ သုံးဖွဲ့ကတော့ တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုက တော်တော်ကို ဆိုးဝါးနက်ရှိုင်းတယ်၊ ဆိုလိုတာက အခုက တရုတ်တစ်ပြည်လုံးတင် မဟုတ်ဘူး။ ယူနန်ပြည်နယ်ကနေပြီးတော့ ဗမာ့ရေးရာနဲ့ ပတ်သက်ပြီးတော့ အနီးကပ် ချည်းကပ် ဆောင်ရွက်မယ့် သံတမန်အသစ် တစ်ယောက်ပါ ခန့်ထားတာ အဲဒီတော့ ကျနော်တို့ ပြောရ လို့ရှိရင် ဗမာပြည်ပြဿနာဆိုတာ ယူနန်ပြည်နယ်ရဲ့ ပြည်နယ်ခွဲတစ်ခုရဲ့ ပြဿနာဖြစ်အောင် တရုတ်က ဖန်တီးနေ တာ ဖြစ်တဲ့အတွက် အနာဂတ် ကျနော်တို့ တိုင်းပြည် တည်ဆောက်ရေး အတွက်ရော အခုလောလောဆယ် နွေဦး တော်လှန်ရေး အတွက်ရော ကြီးမားတဲ့ အဟန့်အတားကြီး ဖြစ်တယ်၊ အဲဒါတွေကို နိုင်ငံရေးအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကျော်လွှားနိုင်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် NSPNC တို့ မိုင်းလားမြို့မှာ ဇွန်လ ၁ ရက်နေ့တွင် စတင် ဆွေးနွေးကြသည်။

အဆိုပါ ၃ ဖွဲ့မှာ AA သည် တော်လှန်ရေး အင်အားစုများကို စစ်သင်တန်းပေးမှုများ ရှိနေသလို TNLA အနေဖြင့် လည်း PDF များကို စစ်သင်တန်းပေးမှုများ၊ အတူတကွပူးပေါင်းကာ စစ်‌ရေးလှုပ်ရှားမှုများရှိနေကြောင်း သတင်း များတွင် ဖော်ပြထားသည်။

ထို့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ တပ်ဖွဲ့ဝင်များကို မြန်မာ-တရုတ် နယ်စပ်တွင်ရှိသော MNDAA တပ်ဖွဲ့ထံ စေလွှတ်ကာ အခြေခံစစ်ပညာ သင်ယူမှုများလည်း ရှိနေသည်။

NSPNC ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် NSPNC တို့ တွေ့ဆုံမှုမှာ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု အများအပြား ရှိမှာ မဟုတ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါကတော့ တစ်ဖွဲ့ချင်း ဆုံးဖြတ်မယ်ထင်တယ်၊ ကျနော်ထင်တယ်၊ အဲဒါ တစ်ဖွဲ့ချင်းက ကိုယ့်ဒေသ ဆက်ဆံမှုအရ အပြန်အလှန် အားပြုတာ‌တော့ ရှိမှာပေါ့၊ အပြန်အလှန် အားပြုတယ်ဆိုတာက နေရာ ပေးတာပဲဖြစ်ဖြစ်၊ အကူအညီ နည်းနည်းပါးပါး ပေးတာလည်း ရှိနိုင်တာပေါ့၊ ဒါကလည်းပဲ တရုတ်ပြောတိုင်းတော့ လိုက်မလုပ်ဘူးနဲ့ တူပါတယ်။ ဒီကိစ္စ အသေးအဖွဲ့ကိုလည်းပဲ တရုတ်က ပြောမယ်လို့ ကျနော်မထင်ဘူး။ သူ့ကိစ္စပဲ သူပြောမှာပေါ့ဗျာ၊ ‌နောက်ပြီးတော့ စစ်ကောင်စီကတော့ မပြောတတ်ဘူး။ စစ်ကောင်စီ ကိုယ်စားလှယ်တွေက တော့ အဲဒီကိစ္စပြောချင်လည်း ပြောမှာပေါ့၊ ဗိုလ်ချုပ်ကြီးရာပြည့်တို့ အဖွဲ့ကတော့ နွေဦးတော်လှန်ရေးနဲ့ မချိတ် ဆက်ပါနဲ့ မကူပါနဲ့လို့ ပြောချင်လည်း ပြောလိမ့်မယ်၊ ဒါပေမဲ့ တရုတ်ဘက်က ပြောဖို့ အကြောင်းမရှိဘူး” ဟု ပြော သည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့သည် နိုင်ငံရေး၊ စစ်ရေးတို့ကို အတူပူးတွဲ လှုပ်ရှားနေ သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။