CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁


တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ တာဝန်ရှိသူများနှင့် MNDAA၊ TNLA၊ AA တို့မှ တာဝန်ရှိသူများ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးခဲ့ကြသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးမှုကနေ ဖြစ်ပေါ်လာမည့် တိုးတက်မှုများအပေါ် မူတည်ပြီး ယခုလကုန်ပိုင်းမှာလည်း ထပ်မံ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။


နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ မြန်မာနိုင်ငံအမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့လူတွေနဲ့ MNDAA- TNLA-AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာ တိုးတက်မှုအပေါ်မှာမူတည်ပြီး ဒီလကုန်ပိုင်းမှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ပြောသည်။

MNDAA- TNLA-AA  တို့မှ ဒုတိယတန်း ခေါင်းဆောင်များကိုတွေ့ရစဉ်

ထိုတွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း မြောက်ပိုင်းသုံးဖွဲ့(MNDAA-AA-TNLA)နှင့် NSPNC တို့ဖြင့် နီးစပ်သူများထံကနေ ကြားသိရသည်။