CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၁၆

ပါကစ္စတန်တွင် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခမ်း (Imran Khan)က ပါကစ္စတန်သည် သီရိလင်္ကာနိုင်ငံကဲ့သို့ ဝရုန်းသုန်းကာ အခြေအနေ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲသည် အကွက်ဆင်ထားသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ဝေဖန်ခဲ့သည်ဟု The Print သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ခမ်းသည် ရာဝယ်လ်ပင်ဒီ (Rawalpindi) မြို့ရှိ အဒီယာလာ (Adiala) အကျဉ်းထောင်တွင် သတင်းထောက်များနှင့် အလွတ်သဘော တွေ့ဆုံခဲ့ချိန်က ၎င်း၏ ခန့်မှန်းချက်များ အားလုံးသည် မှန်ကန်ခဲ့ကြောင်းနှင့် သူသည် လက်ရှိ ပါကစ္စတန်ကို အုပ်ချုပ်သူများနှင့် သဘောတူညီမှု တစ်ခုရရှိရန် ဆွေးနွေးညှိနှိုင်းမည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်။

"အကုန်လုံးက အလိမ်အညာတွေအပေါ် အခြေခံထားတာပါ။ ရွေးကောက်ပွဲလိုမျိုးပေါ့။ လိမ်ညာနေတာပါ။ လုံခြုံရေး ခြိမ်းခြောက်မှုကလည်း အလိမ်အညာပါပဲ" ဟု ခမ်းက ပြောကြားခဲ့ပြီး ၎င်း၏ PTI ပါတီသည် ရွေးကောက်ပွဲမှ ဖယ်ကြဉ်ခံခဲ့ရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

မဲဆန္ဒရှင်များသည် မဲပေးသည့်နေ့တွင် လက်စားချေခဲ့ကြသော်လည်း မဲများဖြင့် ပြောင်းလဲသည့် ထိုအပြောင်းအလဲ ကို အာဏာပိုင်များက လက်မခံခဲ့ကြကြောင်း ခမ်းက ပြောကြားခဲ့သည်ဟု Geo News မှ ဖော်ပြခဲ့သည်။

ထို့ပြင် အာဏာရပါတီဟောင်းဖြစ်သည့် PTI သည် ထိုကဲ့သို့ မသမာသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တရားရုံး ချုပ်အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဆက်လက် ပြုလုပ်သွားမည်ဟုလည်း ခမ်းက ပြောသည်။

အမ်မရန်ခမ်း ဦးဆောင်တဲ့ PTI ပါတီထောက်ခံသူများကိုတွေ့ရစဉ်

ဧပြီ ၂ ရက်တွင် ပြုလုပ်မည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင်လည်း အကွက်ဆင်မှုများ ရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပါကစ္စတန်သည် နိုင်ငံ့စီးပွားရေးကို ပြန်လည်တည်ငြိမ်စေရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေများ ရယူရန် ကြိုးပမ်းနေချိန်တွင် ပြည်သူများသည် ငွေကြေး ဖောင်းပွမှုများကြောင့် လမ်းများပေါ်ထွက်ပြီး ဆန္ဒပြလိမ့်မည်ဟုလည်း ခမ်းက ပြောသည်။

မတ်လ ၁၃ ရက် အစောပိုင်းကလည်း PTI ပါတီဥက္ကဋ္ဌ ဘာရစ္စတာ ဂိုဟာ အလီခမ်း(Barrister Gohar Ali Khan) သည် ခမ်းနှင့်တွေ့ဆုံရန် အဒီယာလာ အကျဉ်းထောင်သို့ ရောက်ရှိခဲ့သည်။

အလီခမ်းက လာမည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရေးအတွက် ခမ်းနှင့် အစည်းအဝေး ပြုလုပ်ခွင့်ရရှိရန် တောင်းဆိုခဲ့သော်လည်း အကျဉ်းချ ခံထားရသည့် အကျဉ်းသားနှင့် ပါတီအကြား အစည်းအဝေး ပြုလုပ်ခွင့် တားမြစ်ပိတ်ပင်ခံခဲ့ရသည်ဟု ပြောကြားခဲ့ သည်။

Source: The Print