CNI International News

မော်စကို၊ မတ်လ ၂

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းသို့ စစ်သားများ စေလွှတ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အန္တရာယ်ကို မြင့်တက်စေလိမ့်မည်ဖြစ်ပြီး ရုရှားသည် အနောက်နိုင်ငံများရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ဖေဖော်ဝါရီ ၂၉ ရက်တွင် သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးသည် ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အရေးအခင်းနောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ပူတင်သည် ယခင်ကလည်း နေတိုးနှင့် ရုရှားအကြား တိုက်ရိုက် ထိပ်တိုက်တွေ့မည့် အန္တရာယ်များကို ပြောကြား ခဲ့ဖူးသော်လည်း ဖေဖော်ဝါရီ ၂၉ ရက်က သတိပေးချက်သည် ၎င်း၏ အပြတ်သားဆုံး သတိပေးချက်ဖြစ်သည်။

အသက် ၇၁ နှစ်အရွယ် ပူတင်သည် လွှတ်တော်အမတ်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားခဲ့ချိန် တွင် အနောက်နိုင်ငံများသည် ရုရှားကို အင်အားလျော့နည်းစေရန် ပူးပေါင်းလုပ်ဆောင်နေကြကြောင်း၊  ရုရှား၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် အန္တရာယ်မည်မျှ များပြားသည်ကို အနောက်အုပ်စု ခေါင်းဆောင် များက နားမလည်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများသည် ယူကရိန်းသို့ စစ်သားများ စေလွှတ်နိုင်မည့် အခြေအနေနှင့်ပတ်သက်ပြီး ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) ၏ ပြောကြားချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ပူတင်က ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသို့ စစ်သားများ စေလွှတ်လိုသည့် မက်ခရွန်၏ အိုင်ဒီယာကို အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နှင့် အခြားနိုင်ငံ များက လျင်မြန်စွာ ငြင်းဆိုခဲ့ကြသည်။

“ကျနော်တို့ဆီမှာ သူတို့နယ်မြေတွေထဲက ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ရှိတယ်ဆိုတာ ကို အနောက်နိုင်ငံတွေက နားလည်ထားရပါမယ်။ အဲဒီအခြေအနေတွေဟာ နျူကလီးယား လက်နက်တွေ အသုံး ပြုမယ့် စစ်ပွဲဖြစ်ပွား လာစေနိုင်ပြီး လူသားတွေ ထိခိုက်သေဆုံးစေပါလိမ့်မယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ပူတင်က ရုရှားစစ်တပ်၏ နျူကလီးယား လက်နက်အင်အား အဆင့်မြှင့်တင် မွမ်းမံမှုကိုလည်း ချီးကျူးဂုဏ်ပြုခဲ့သည်။

“မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့ဟာ အသင့် အနေအထား ရှိနေပါတယ်” ဟု ပူတင်က ပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည့် မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် နျူကလီးယားလက်နက် ထုတ်လုပ်မှုနှင့် စမ်းသပ်မှုကိုလည်း အပြီးသတ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ