CNI International News

အေဒင်၊ မတ်လ ၄

ပင်လယ်နီတွင် ပြီးခဲ့သည့်လက ဟူရ်သီသူပုန်များ၏ ဒုံးကျည်တိုက်ခိုက်မှု ထိမှန်ခဲ့သည့် ဗြိတိန်ပိုင် သင်္ဘော တစ်စင်းသည် နစ်မြှုပ်သွားပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က မတ်လ ၂ ရက်တွင် အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အလွန်အန္တရာယ်များသည့် ဓာတ်မြေဩဇာများ တင်ဆောင်ထားသော ထိုသင်္ဘော နစ်မြှုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် ဘေးအန္တရာယ်များရှိလာနိုင်ကြောင်း ယီမင်၏ နိုင်ငံတကာအသိအမှတ်ပြု အစိုးရအဖွဲ့နှင့် အမေရိကန်က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံအလံ တင်ထားသည့် Rubymar သင်္ဘောသည် ပင်လယ်နီတွင် နိုဝင်ဘာလကစပြီး ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများကြောင့် နစ်မြှုပ်သွားခဲ့သည့် ပထမဆုံးသင်္ဘောဖြစ်သည်။

ဟူရ်သီတို့၏ ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် သင်္ဘောလမ်းကြောင်းများကို ပြောင်းလဲပြီး အာဖရိကဘက်မှ ရှောင်ကွင်းမောင်းနှင်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး လမ်းကြောင်းများ ကို ထိခိုက်စေခဲ့ပြီး ကုန်ကျစရိတ်များ မြင့်တက်ကာ ကုန်စည်ပို့ဆောင်မှုများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။

ဓာတ်မြေဩဇာများ တင်ဆောင်လာသည့် Rubymar သင်္ဘောနစ်မြှုပ်မှုသည် သင်္ဘောသွားလာမှု လမ်းကြောင်းများ များပြားသည့် ရေကြောင်းနယ်နိမိတ်များတွင် အခြားသင်္ဘောများအတွက်လည်း အန္တရာယ်ရှိစေနိုင်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။

 ဟူရ်သီသူပုန်တွေ တိုက်ခိုက်မှုကြောင့် နစ်မြှုပ်သွားတဲ့ သင်္ဘောကို တွေ့ရစဉ်

ယီမင်နိုင်ငံမြောက်ပိုင်းနှင့် အခြားနယ်နိမိတ်များကို ထိန်းချုပ်ထားသည့် ဟူရ်သီသူပုန်အဖွဲ့ကမူ ဂါဇာဒေသရှိ ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသည့် အနေဖြင့် ပင်လယ်နီတွင် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်နှင့် ဗြိတိန်ဦးဆောင်သည့် နိုင်ငံတကာရေတပ်များက စူးအက် တူးမြောင်း (Suez Canal) ကုန်သွယ်ရေးလမ်းကြောင်းကို ကာကွယ်ပေးနေရပြီး အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များ သည် ယီမင်နိုင်ငံအတွင်းရှိ ဟူရ်သီတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

Rubymar သင်္ဘောသည် ပင်လယ်နီတောင်ပိုင်းတွင် မတ်လ ၂ ရက်နေ့ညပိုင်း သို့မဟုတ် မတ်လ ၃ ရက်နေ့ နံနက် အစောပိုင်းတွင် နစ်မြှုပ်သွားခဲ့ဖြင်းဖြစ်ကြောင်း ယီမင်အစိုးရနှင့်  CENTCOM က ထုတ်ပြန်ခဲ့သည်။

ထိုသင်္ဘောသည် မီးလောင်လွယ်သည့် ဓာတ်မြေဩဇာ ၂၁,၀၀၀ မက်ထရစ်တန်ကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောမနစ်မြှုပ်ခင်အချိန်တွင် ရေပြင်ပေါ်၌ လောင်စာဆီယိုစိမ့်မှုသည် ၂၉ ကီလိုမီတာ (၁၈ မိုင်) အရှည်ရှိခဲ့ ကြောင်း CENTCOM က ပြောကြားခဲ့သည်။

Source: ရိုက်တာ