CNI International News

ကိုင်ရိုင်၊ ဖေဖော်ဝါရီ ၈

၁၉၆၇ ခုနှစ်က အရှေ့ဂျေရုဆလင် (East Jerusalem) နှင့် ထိစပ်နေသည့် နယ်စပ်များကို အခြေခံပြီး အသိအမှတ် ပြုခံခဲ့ရသည့် လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာခြင်းမရှိပါက အစ္စရေးနှင့် သံတမန် ဆက်ဆံရေး များ ရှိလာလိမ့်မည် မဟုတ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများ မရပ်တန့်မချင်း သံတမန်ဆက်ဆံရေး ထူထောင် မည်မဟုတ်ကြောင်းလည်း ဆော်ဒီအစိုးရက အမေရိကန်ကို ပြောကြားခဲ့သည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆော်ဒီအာရေဗျနှင့် အစ္စရေးအကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ရန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိနေသည့် အပြုသဘောဆောင်သော တုန့်ပြန်ချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့က လက်ခံရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်က အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့ပြီးနောက် ဆော်ဒီ၏  ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

အရှေ့ဂျေရုဆလင်ကို တွေ့ရစဉ်

ကာဘီ၏ မှတ်ချက်စကားနှင့််ပတ်သက်ပြီး ဆော်ဒီအာရေဗျသည် ပါလက်စတိုင်း အရေးနှင့်ပတ်သက်ပြီး မိမိတို့၏ ခိုင်မာသည့် သဘောထားကို အမေရိကန်အား ထပ်လောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်က ဆော်ဒီ၏ အိမ်နီးချင်းများဖြစ်သည့် ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့သည် အစ္စရေးနှင့် ဆက်ဆံရေး များ ပြန်လည်ထူထောင်ခဲ့ပြီးကတည်းက ဆော်ဒီနှင့် အစ္စရေးအကြား ဆက်ဆံရေးများ ပြန်လည်ထူထောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် အစ္စရေးနှင့် ဟားမာ့စ် စစ်ပွဲဖြစ်ပွားလာချိန်တွင် အမေရိကန်က ထောက်ခံထားသည့် ထိုအစီအစဉ်ကို ဆော်ဒီအာရေဗျက ဆိုင်းငံ့ခဲ့သည်ဟု ဆော်ဒီအစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ရိုက်တာ သတင်းဌာန သို့  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ကို သတ်ဖြတ်ခဲ့ကာ လူပေါင်း ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာ ကမ်းမြောင်ဒေသကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သဖြင့် ပါလက်စတိုင်း ၂၇,၀၀၀ ကျော် သေဆုံးခဲ့သည်။

Source: ရိုက်တာ