CNI International News

နာဘလက်စ်၊ ဖေဖော်ဝါရီ ၂၃

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ နာဘလက်စ်မြို့တွင် အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းမှု တစ်ခု လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်း အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီးများစွာဒဏ်ရာရရှိခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ အရေအတွက်မှာ ၁၀၂ ဦးရှိပြီး ထိုအထဲမှ ၈၂ ဦးမှာ ကျည်ထိမှန်ခဲ့ခြင်း ဖြစ်ကာ ခြောက်ဦးမှာ စိုးရိမ်ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောသည်။

အစ္စရေး အထူးတပ်ဖွဲ့ဝင်များသည် မနက် ၁၀ နာရီခန့်တွင် မြို့တွင်းသို့ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ဝင်လာချိန် ကတည်းက ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ရသည်။

အစ္စရေးတပ်ဖွဲ့များသည် မြို့တွင်းသို့ ဝင်ပေါက်အားလုံးကို ပိတ်ဆို့ထားခဲ့ပြီး အလိုရှိနေသော ပါလက်စတိုင်း တိုက်ခိုက်ရေး သမားနှစ်ဦးရှိကာ အိမ်ကို ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။

တိုက်ခိုက်ရေးသမား နှစ်ဦးစလုံး သေဆုံးခဲ့သည်။ စီးနင်းမှုအတွင်း ပါလက်စတိုင်း တပ်ဖွဲ့များကို Balata Brigades အဖွဲ့နှင့်အတူ တိုက်ခိုက်ခဲ့သည်ဟု Lions’ Den ဟုခေါ်သော ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က ထုတ်ပြန် သည်။

အစ္စရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်းများ ထိပ်တိုက်တွေ့စဉ်

မြို့တွင်း ဝင်ရောက်လာချိန်တွင် အစ္စရေးတပ်ဖွဲ့များကို ကလေးငယ်များကလည်း ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ ကြသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပါလက်စတိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့များသည် နာဘလက်စ်မြို့တွင် စစ်ဆင်ရေး လုပ်ဆောင်နေသည်ဟု ပြောသော်လည်း အတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

နာဘလက်စ်မြို့နှင့် အနီးအနားရှိ ဂျီနင် (Jenin) မြို့တို့သည် မကြာသေးခင်ကမှ အရှိန်မြင့်တက်လာသည့် အစ္စရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခြင်းများအတွက် ပစ်မှတ်ထားရာ မြို့များ ဖြစ်သည်။

ထိုမြို့များတွင် လက်နက်ကိုင် ခုခံမှု ပြင်းထန်လာလျက် ရှိသည်ဟုလည်း ပါလက်စတိုင်း သတင်းသမားတစ်ဦးက ပြောသည်။

အစ္စရေးဘက်က အနောက်ဘက်ကမ်းခြေ ဧရိယာများကို တိုးချဲ့လာခဲ့သော်လည်း Lions’ Den နှင့် Balata Brigades တို့သည် ပါလက်စတိုင်းတို့၏ လက်နက်ကိုင် ခုခံရေးတွင် ဗဟိုချက်အဖြစ် ရှိနေခြင်း၊ လူငယ် အုပ်စု များက တိုက်ခိုက်လာခြင်းတို့ကြောင့် ထိုမြို့များသည် အစ္စရေးတို့၏ ပစ်မှတ်ထားရာ ဖြစ်လာသည်ဟု သတင်း သမား ဘာဂိုတီက ပြောသည်။

Source: အယ်ဂျာဇီးယား