CNI International News

ဂျေရုဆလင်၊ ဇန်နဝါရီ ၃၀

အစ္စရေးများလက်နက်ကိုင်ဆောင်ခွင့်ကို ပိုမိုလွယ်ကူစေရေး ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟု (Benjamin Netanyahu)၏ အစီအစဉ်များအပြီးနောက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေနှင့်အရှေ့ ဂျေရုဆလင် တို့တွင် ပါလက်စတိုင်းများအပေါ် အကြမ်းဖက်မှုများမြင့်တက်လာမည်ကို စိုးရိမ်မှုများရှိလာသည်ဟု အယ်လ်ဂျာ ဇီးယားသတင်းတွင် ဖော်ပြသည်။

အစ္စရေးနိုင်ငံသားများလက်နက်ကိုင်ဆောင်ရန် ခွင့်ပြုချက်နှင့် တရားမဝင်လက်နက်များအား သိမ်းရန် လုပ်ဆောင် ချက်များကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု နေတန်ညာဟုက စနေနေ့တွင်ပြောသည်။ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေဒေသမှ တရားမဝင်အစ္စရေးအခြေချနေထိုင်မှုများကို ခိုင်မာစေရန် ဆောင်ရွက်သွားမည် ဟုလည်း ဝန်ကြီးချုပ်ရုံးက ပြောသည်။ ပစ်ခတ်မှုနှစ်ခုနှင့် ပတ်သက်၍ နေတန်ညာဟု၏ လုံခြုံရေးအဖွဲ့အတွင်း ဆွေးနွေးပွဲတစ်ခုကျင်းပပြီးနောက် ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ထိပ်တိုက်တွေ့ဆုံမှုများ မြင့်တက်လာခဲ့ပြီး ပစ်ခတ်မှုများ၊ ဝင်ရောက်စီးနင်းမှုများအတွင်း အစ္စရေးတပ်ဖွဲ့များကြောင့် ပါလက်စတိုင်း ၃၂ ဦး သေဆုံးခဲ့ရသည်။ လွန်ခဲ့သောလတွင် ကျမ်းကျိမ်ခဲ့သည့်အစ္စရေး အစိုးရသစ်သည် နိုင်ငံ၏သမိုင်းတစ်လျှောက် လက်ယာယိမ်းမှု အများဆုံးဖြစ်သောကြောင့် အစ္စရေးပိုင်နေရာများနှင့် အနောက်ဘက်ကမ်းခြေရှိ အစ္စရေးစစ်တပ်မှ တရားမဝင် ထိန်းချုပ်ထားသောဒေသများမှ ပါလက်စတိုင်းလူမျိုးများအပြင် အစ္စရေးလက်ဝဲယိမ်းများအတွက်ပါ စိုးရိမ်မှုများကို ဖြစ်စေခဲ့သည်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်တွင် ဇွန်လ ၂၃ ရက်၊ ၂၀၂၀ ခုနှစ်တွင် အစ္စရေးအစိုးရမှ အနောက်ဘက်ကမ်း၏ အစိတ်အပိုင်းများကို သိမ်းပိုက်မည့်အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် "ပါလက်စတိုင်း လွတ်မြောက်သင့် သည်" ဟူသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်နေစဉ်(ဓါတ်ပုံ-Getty Images)

အစိုးရဖွဲ့အသစ်တွင် ပါဝင်သော လုံခြုံရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှစ်ဦးသည် သိမ်းပိုက်ထားသော အနောက်ဘက် ကမ်းခြေဒေသတွင် သိမ်းပိုက်မှုများဆက်လုပ်ရန်နှင့် ပါလက်စတိုင်းမြေများကို ကျူးကျော်ရန် ထုတ်ဖော်ပြောဆို ထားသူများဖြစ်ကာ ပါလက်စတိုင်းအပေါ် အကြမ်းဖက်ရန်လှုံ့ဆော်မှုများအတွက်လည်း နာမည်ဆိုးဖြင့် ထင်ရှားသူ များဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံးသည် သိမ်းပိုက်ထားသောအနောက်ဘက်ကမ်းခြေဒေသအတွင်းပိုင်းတွင် အခြေချ နေထိုင်သူ များလည်းဖြစ်သည်။ ပါလက်စတိုင်းများကို သတ်ရမည်ဟု ယုံကြည်နေသော လုံခြုံရေးဝန်ကြီး၊ ပါလက်စတိုင်းများ ရှိနေမှုသည် ယာယီဟု ပြောဆိုခဲ့သော ဘဏ္ဍာရေးဝန်ကြီးနှင့် အစ္စရေးပြည်သူများကို လက်နက်တပ်ဆင်ပေးမည့် ဝန်ကြီးချုပ်တို့ရှိနေချိန်တွင် ပါလက်စတိုင်းလူမျိုးအသတ်ခံရမှုမှာ ရပ်တန့်သွားရန်မရှိကြောင်း၊ ပါလက်စတိုင်း လူမျိုးများထပ်ခါထပ်ခါ သတ်ဖြတ်ခံနေရဦးမည်ဖြစ်ကြောင်း ဟိုင်ဖာအခြေစိုက် လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ်တွင်ပါလက်စတိုင်း လူမျိုး ၂၀၀ ကျော် အသတ်ခံခဲ့ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဌာနမှ ပြော ကာ ၂၀၂၂ ခုနှစ်သည် ၁၆ နှစ်အတွင်း ပါလက်စတိုင်းများအတွက်အဆိုးရွားဆုံးနှစ်ဖြစ်သည်ဟု ကုလသမဂ္ဂက ပြော သည်။

Source:Aljazeera