CNI International News

ဂျီနင်ဒုက္ခသည်စခန်း၊ ဇန်နဝါရီ ၂၇

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေဒေသမှ ပေါက်ကွဲလုနီးပါး ဖြစ်နေသော ဧရိယာတစ်ခုတွင် အစ္စရေး တပ်ဖွဲ့များက ကြာသပတေးနေ့တွင် ကြီးမားသည့် စီးနင်းမှုတစ်ခု လုပ်ဆောင်ခဲ့ရာ သက်ကြီး အမျိုးသမီး တစ်ဦး အပါအဝင် ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပြီး အနည်းဆုံးလူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယင်းသည် ဆယ်စုနှစ် နှစ်ခုကျော်ကာလ စီးနင်းမှုတစ်ခုအတွင်း လူသေဆုံးမှု အများဆုံး ဖြစ်ရပ်လည်း ဖြစ်သည်။

အစ္စရေးစစ်တပ်က ဒုက္ခသည်စခန်းကို ရှားရှားပါးပါး နေ့ခင်းဘက် အချိန်တွင် ဝင်ရောက် စီးနင်းမှု လုပ်ဆောင်ခဲ့သည်။ အစ္စရေးသို့ တိုက်ခိုက်မည့် အစီအစဉ်တစ်ခုကို တားဆီးရန် ဖြစ်သည်ဟုလည်း အစ္စရေးဘက်က ပြောသည်။

ဂျီနင်ဒုက္ခသည် စခန်းသည် ပါလက်စတိုင်း အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု၏ ပင်မ ခြေကုပ်ဒေသဖြစ်ကာ အစ္စရေး ဘက်က ညစဉ်နီးပါး ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။

အစ္စရေးတပ်ဖွဲ့၏ စီးနင်းမှုကြောင့် ပါလက်စတိုင်းများ သေဆုံးမှုကိုတွေ့ရစဉ် (AP)

အစ္စရေးဘက်က စီးနင်းမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီး တစ်ဦးပါ သေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့ သူများမှ အနည်းဆုံး တစ်ဦးမှာ ပါလက်စတိုင်း စစ်သွေးကြွဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့သည်။

သို့သော် စစ်သွေးကြွများနှင့် ဆက်စပ်မှုရှိသူ မည်မျှကို ရှင်းလင်းနိုင်ခဲ့ကြောင်းကိုမူ မသိရသေးပေ။ ထွက်ပေါ်လာ သော ဓာတ်ပုံများတွင် ပျက်စီးနေသော နှစ်ထပ် အဆောက်အဦ တစ်လုံး၏ အပြင်ဘက် အပိုင်းနှင့် လမ်းပေါ်ရှိ အပျက်အစီးများကို မြင်တွေ့ခဲ့ရသည်။

သံသယရှိသူများ အသုံးပြုခဲ့သော ဖောက်ခွဲရေး ပစ္စည်းများကို ဖျက်ဆီးရန် ထိုအဆောက်အဦကို ဝင်စီးခဲ့ခြင်းဖြစ် သည်ဟု အစ္စရေးဘက်က ပြောသည်။ သုံးနာရီကြာ စီးနင်းမှုပြီးနောက် ကားသုံးစီး ပျက်စီးခဲ့သည်ကိုလည်း တွေ့ ရသည်။

ဂျီနင်ဒုက္ခသည် စခန်းသို့ စီးနင်းမှုသည် အဆိုပါဒေသသို့ အမေရိကန် လုံခြုံရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) မလာမီ ရက်ပိုင်းအလိုတွင် အစ္စရေး-ပါလက်စတိုင်း တိုက်ခိုက်မှုများအတွင်း ကြီးမားသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်လာနိုင်ခြေကို မြင့်တက်စေခဲ့သည်။

ဂါဇာဘက်မှ ဒုံးကျည်ပစ်ခတ်မှုများကြောင့် အနောက်ဘက် ကမ်းခြေဒေသတွင် ယခင်ကတည်းက အကြမ်းဖက်မှု များ မြင့်တက်လျက်ရှိသည်။ အနောက်ဘက် ကမ်းခြေဒေသ၊ ဂါဇာနယ်စပ်ရှိ အစ္စရေးတပ်ဖွဲ့များကို တပ်လှန့်မှုများ မြင့်တင်ထားသည်။

ပါလက်စတိုင်းများ ဆန့်ကျင်နေကြစဉ်(AP)

ဒေသတလျှောက်ရှိ လမ်းမများပေါ်တွင်လည်း ဆန္ဒပြသူများက ဂျီနင်နှင့် တသားတည်းရှိကြောင်း ကြွေးကြော် ဆန္ဒ ထုတ်ဖော်ခဲ့ကာ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် (Mahmoud Abbas) ကလည်း ထိုစီးနင်းမှုကို တုန့်ပြန်ရန် ထိပ်တန်း အကြံပေးများနှင့် တွေ့ဆုံခဲ့သည်။

အစ္စရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပါလက်စတိုင်းဘက်က ရပ်တန့်နိုင်ကြောင်း ထိပ်တန်းအရာ ရှိ တစ်ဦးက ပြောသည်။ ယခင်က ထိုသို့ လုပ်ဆောင်ခဲ့ဖူးသော်လည်း အနည်းငယ်သာ အောင်မြင်ခဲ့သည်။

အစ္စလာမ္မစ် စစ်သွေးကြွများကို ထိန်းချုပ်ရေး နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ပါလက်စတိုင်းဘက်က ထိုသို့ ဆောင်ရွက်မှုကို ရပ်တန့်ခဲ့သော်လည်း ယင်းက ခဏသာ ခံသည်။ ပူးပေါင်း ဆောင် ရွက်မှုကြောင့် ရရှိသော အကျိုးကျေးဇူးများနှင့် အမေရိကန်၊ အစ္စရေးတို့ဘက်မှ ဖိအားများကြောင့် ဖြစ်သည်။

ပါလက်စတိုင်း အစိုးရသည် ယခုစီးနင်းမှုနှင့် ပတ်သတ်၍ ကုလလုံခြုံရေးကောင်စီ၊ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးနှင့် တခြားသော နိုင်ငံတကာ အဖွဲ့အစည်းများသို့ တိုင်ကြားသွားမည်ဟုလည်း သိရသည်။

Source: AP