CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၄

ထိုင်းနိုင်ငံတွင် ပြည်သူများကို ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ပေးမည့် အစီအစဉ်ကို အချိန်ဆွဲရန် ဆုံးဖြတ်ခဲ့သည့် ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံ့စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများ၏ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်ဟု အတိုက်အခံများက ယူဆထားကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ထို့ပြင် နိုင်ငံကို အုပ်ချုပ်မှုအပိုင်းတွင် ဆရီသာ အစိုးရအဖွဲ့၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းမှုများကိုလည်း အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။

ဆရီသာ ဦးဆောင်သည့် ၅ လသက်တမ်းရှိ အစိုးရအဖွဲ့သည် ရှင်းလင်းပြတ်သားသည့် မူဝါဒ ရည်မှန်းချက်များကို ချပြရန် ပျက်ကွက်ခဲ့သည်ဟု အတိုက်အခံ Move Forward (MFP)ပါတီ၏ ဒုတိယခေါင်းဆောင် သီရိကန်ယာ သန်ဆာကူလ် (Sirikanya Tansakul)က Thai PBS World နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ သည်။ 

ထိုင်းဝန်ကြီးချုပ် ဆရီသာသာဗီဆင်ကို တွေ့ရစဉ်

"ကျမအနေနဲ့ ဆရီသာရဲ့ စွမ်းဆောင်ရည်ကို အဆင့် မသတ်မှတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ လွှတ်တော် မှာ သိသာထင်ရှားတဲ့ ရည်ရွယ်ချက်တွေကို ဘယ်တုန်းကမှ အဆိုတင်သွင်းခဲ့ခြင်း မရှိလို့ပါပဲ။ စာမေးပွဲတစ်ပွဲ အနေနဲ့ ပြောရမယ်ဆိုရင် ဆရီသာရဲ့ အစိုးရအဖွဲ့ဟာ အောင်မြင်သလား ဒါမှမဟုတ် ကျရှုံးသလားဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စီးပွားရေးကဏ္ဍနဲ့ အခြားကဏ္ဍတွေမှာ သူတို့ အမှန်တကယ်လုပ်ချင်တဲ့ မဟာဗျူဟာကို ချမပြခဲ့ဘူးလို့ ယူဆရတဲ့အတွက် ဖြစ်ပါတယ်" ဟု သီရိကန်ယာက ပြောကြားခဲ့သည်။ 

ထို့ပြင် ဆရီသာ အစိုးရအဖွဲ့သည် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ရေလိုက်ငါးလိုက် လုပ်ဆောင် နေပြီး ၎င်းတို့ကို ချဉ်းကပ်သည့် မည်သူ့ကိုမဆို ဆွေးနွေးမှုများသာ ပြုလုပ်နေသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

ဆရီသာ၏ မဲဆွယ်စည်းရုံးချိန်ကာလက ကတိကဝတ်ဖြစ်သည့် ပြည်သူများကို ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ ပေးမည့် အစီအစဉ်အပေါ် ထင်မြင်ယူဆချက် အမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။ 

ထိုင်းဗဟိုဘဏ်ကိုတွေ့ရစဉ်

စီးပွားရေးခေါင်းဆောင်အချို့ကမူ ထိုအစီအစဉ်သည် နိုင်ငံ၏ စီးပွားရေးကို လှုံ့ဆော်နိုင်လိမ့်မည်ဟု ယူဆထား သော်လည်း ထိုင်းဗဟိုဘဏ် (Bank of Thailand)၏ ထိပ်သီးခေါင်းဆောင်များကမူ ထိုအစီအစဉ်အပေါ် သံသယ ရှိကြောင်း ဖော်ပြခဲ့သည်။
ထို့နောက် အစိုးရအနေနှင့် ပိုမိုအကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးများ တိုက်ရိုက်ထောက်ပံ့ရန် ထိုင်းဗဟိုဘဏ်က အကြံပြုထားသည်။

ထိုင်း၏ နိုင်ငံတော်ကောင်စီကလည်း ထိုအစီအစဉ်အပေါ် ယုံကြည်မှု ကင်းမဲ့နေသော်လည်း ဆရီသာကမူ အဆိုပါ အစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ သို့သော် နှောင့်နှေးကြန့်ကြာ လိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ နှောင့်နှေးကြန့်ကြာမှုသည် နိုင်ငံ၏ အခြားဘတ်ဂျက် လျာထားငွေများအပေါ် သက်ရောက်မှု ရှိလာနိုင် ကြောင်း MFP ၏ ဒုတိယခေါင်းဆောင် သီရိကန်ယာက ပြောကြားခဲ့သည်။

Source: Thai PBS