CNI Article

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) သည် မတ်လ ၇ ရက်က ကက်ရှ်မီးယားဒေသ သီရိနာဂါ (Srinagar) မြို့တော်ရှိ ဘက်ခ်ရှီ (Bakshi) ဘောလုံးကွင်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် ဗဟိုအစိုးရက ကက်ရှ်မီးယားဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ့ပြီးနောက် မိုဒီသည် ကက်ရှ်မီးယားသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

မိုဒီသည် နိုင်ငံရေး ကြားပွဲစားများကို ကျော်လွှားပြီး ကက်ရှ်မီးယား ဒေသခံများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုကို ရွေးချယ်ခဲ့ခြင်းဖြင့် ထိုမိန့်ခွန်း ပြောကြားသည့် အခမ်းအနားသည် ထုံးတမ်းစဉ်လာ ကျင့်သုံးခဲ့သော  လုပ်ထုံး လုပ်နည်းများနှင့် ကွဲပြားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ထိုကဲ့သို့ ကက်ရှ်မီးယား ဒေသခံများနှင့် စုရုံးတွေ့ဆုံမှုသည် မိုဒီ၏ နိုင်ငံရေး လိမ်မာပါးနပ်မှုကို ပြသရုံသာ မဟုတ် ဘဲ အိန္ဒိယအစိုးရနှင့် ဂျမူးနှင့်ကက်ရှ်မီးယား ဒေသခံများအကြား ပြောင်းလဲတိုးတက်လာသည့် ဆက်ဆံရေး၏ အထောက်အထားတစ်ခု ဖြစ်ခဲ့သည်။

လူပေါင်း ထောင်သောင်းချီ တက်ရောက်ခဲ့သည့် ဘက်ခ်ရှီ ဘောလုံးကွင်းတွင် မိန့်ခွန်း ပြောကြားခဲ့သည့် မိုဒီသည် မိမိကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ဖြင့် အပြုသဘောဆောင်သည့် စကားလုံးများကို ပြောကြားခဲ့သည်။

ထို့နောက် ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို ပေးအပ်ထားသော အထူးအခွင့်အရေးဖြစ်သည့် ဥပဒေအပိုဒ်ခွဲ ၃၇၀ (Article 370) ကို ပြန်လည်ရုပ်သိမ်းရန် ဗဟိုအစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ၎င်း၏ ခရီးစဉ်အပေါ် ကက်ရှ်မီးယား ဒေသခံများက အပြုသဘောဆောင်သည့် ကြိုဆိုမှုများအတွက် ပျော်ရွှင်ကြောင်း ဖော်ပြခဲ့သည်။

ကက်ရှ်မီးယား ဒေသခံများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်မှုသည် သမားရိုးကျ နိုင်ငံရေးချဉ်းကပ်မှု အစဉ်အလာမှ သွေဖယ်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။

Article 370 ကို ပြန်လည် ရုပ်သိမ်းပြီးနောက်ပိုင်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုများကို မိုဒီက ၎င်း၏ မိန့်ခွန်းအတွင်း အဓိကထားပြီး ပြောကြားခဲ့သည်။

ထိုဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝစေရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်သည့် ဗဟိုအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို မိုဒီက အလေးထား ပြောဆိုခဲ့သည်။

အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများသည် အခြေခံ အဆောက်အအုံများ ဖွံဖြိုးတိုးတက်မှုများကိုသာမက အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသခံလူငယ်များအတွက် စီးပွားရေး အခွင့်အလမ်းများကို မြင့်မားစေရေးတို့လည်း ပါဝင်သည်ဟု မိုဒီက ပြောကြားခဲ့သည်။

ဒေသခံများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းဖြင့် မိုဒီသည် ဗဟိုအစိုးရနှင့် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသခံများ အကြား ကွာဟချက်ကို ကျဉ်းမြောင်းစေရန် ကြိုးပမ်းခဲ့ပြီး အစိုးရအဖွဲ့၏ ရည်ရွယ်မှုများကို ယုံကြည်မှု၊ နားလည်မှု တို့ မြင့်တက်စေရန် လုပ်ဆောင်ခဲ့သည်။

မိုဒီသည် ၎င်း၏ မိန့်ခွန်းအတွင်း ကက်ရှ်မီးယား ဒေသခံများ၏ သက်သာချောင်ချိရေးနှင့် တိုးတက်မှုများအတွက် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ပြီး ဒေသခံများ၏ စိုးရိမ်မှုများကို  အစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များထဲ တွင် ဦးစားပေးနေရာ၌ ထားရှိကြောင်းပြောကြားခဲ့သည်။

ဗဟိုအစိုးရသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝစေရေးတို့ကို အားထုတ်ကြိုးပမ်း နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မိုဒီ၏ မိန့်ခွန်းများသည် ကက်ရှ်မီးယား ဒေသခံများ၏ သဘောထားများနှင့် တူညီမှုရှိခဲ့ပြီး ဒေသခံအများစုက ၎င်းတို့နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသည့် မိုဒီ၏ အားထုတ် ကြိုပမ်းမှုများကို အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ သည်။

ဝန်ကြီးချုပ်တာဝန်ကို စတင်ရယူခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက မိုဒီသည် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသခံများ၏ ထောက်ခံမှုများကို ရရှိရန် ကြိုးပမ်းခဲ့သည်။

မိုဒီသည် နှစ်ပေါင်း ၇၀ ကြာ ဆင်းရဲ ချို့တဲ့ခဲ့သည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို တိုးတက်မှုရှိစေရန် လုပ်ဆောင်ခဲ့သည်။

ထိုလုပ်ဆောင်ချက်များထဲမှ တစ်ခု အပါအဝင်အဖြစ် မိုဒီသည် ကက်ရှ်မီးယားခရီးစဉ်အတွင်း ရူပီး ၃၂၀၀ ကုဋေ တန်ဖိုးရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို စတင် အကောင်အထည်ဖော်ခဲ့ပြီး သီရိနာဂါမြို့တော်တွင် ရူပီး ၆၄၀၀ ကုဋေ တန်ကြေးရှိသည့် ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်းများကို စတင်ဖွင့် လှစ်ခဲ့သည်။

ထို့ကြောင့် သီရိနာဂါမြို့တော်တွင် မိုဒီ၏ မိန့်ခွန်းပြောကြားမှုသည် စည်းလုံးညီညွတ်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုး တက်ရေးခေါင်းစဉ်ဖြင့် သဘောထားကွဲလွဲနေသည့် လူ့အသိုင်းအဝိုင်းကို အတူတကွ စည်းလုံးစေနိုင်ခဲ့ သည်။

မိုဒီ၏ ကက်ရှ်မီးယား ဒေသခံများနှင့် စုရုံးတွေ့ဆုံမှုသည် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသတွင် ငြိမ်းချမ်းရေး၊ ချမ်းသာ ကြွယ်ဝရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တွင် အဓိက မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်ဟု လေ့လာစောင့် ကြည့်သူများ က ပြောကြားခဲ့သည်။

နိုင်ငံရေးကြားပွဲစားများ မပါဘဲ ဒေသခံများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုသည် ပွင့်လင်းမြင်သာမှု၊ ဘက်ပေါင်းစုံ ပါဝင်မှု၊ အခြေခံကျကျ ထိတွေ့ဆက်ဆံမှုများဖြင့် ဖွဲ့စည်းထားသည့် ခေတ်သစ် အုပ်ချုပ်ရေးစနစ်ကို မီးမောင်းထိုး ပြသရာလည်း ရောက်ခဲ့သည်။

ဂျမူးနှင့်ကက်ရှ်မီးယားဒေသသည် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်ရှိနေမှုနှင့်အတူ မိုဒီ၏ ဦးဆောင်မှု အောက်တွင် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ မလွဲမသေ ပါဝင်လာမည် ဖြစ်သည်။

Source: Kashmir Observer