CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄

အမေရိကန်အနေနှင့် ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ယူကရိန်းတပ်ဖွဲ့များအား လက်နက်ခဲယမ်းများနှင့် ဒုံးကျည်များ ထောက်ပံ့ပေးနိုင်စွမ်းမရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin)က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ယူကရိန်းကို ထောက်ပံ့ပေးရန် ၂၀၂၂ ခုနှစ်၊ ဧပြီလက နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအား ဖွဲ့စည်းထူထောင်ခဲ့သည့် အချိန်မှစပြီး ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းကို ထောက်ပံ့ပေးရန် ငွေကြေးပြတ်လပ် နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် ယူကရိန်းအား ထောက်ပံ့ရေးအတွက် နိုင်ငံပေါင်း ၅၀ ပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်း၏ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်နေချိန်တွင် အော်စတင်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်ရဲ့ လက်နက်ကြီး ကျည်ဆံတွေကိုတွေ့ရစဉ်

ထို့နောက် အမေရိကန်သည် ယူကရိန်းအား ထောက်ပံ့ပေးရန်အတွက် အဆိုပြုထားသည့် ဘတ်ဂျက်အား လွှတ်တော်၏ အတည်ပြုထောက်ခံမှုကို စောင့်ဆိုင်းနေချိန်တွင် အမေရိကန်၏ ယူကရိန်းအား ထောက်ပံ့ရေး ဟာကွက်ကို မဟာမိတ်နိုင်ငံများက ဖြည့်ဆည်းပေးရန် ကြိုးပမ်းလျက်ရှိသည်။

"ကျမတို့အနေနဲ့ အခုချိန်မှာ ယူကရိန်းကို လုံခြုံရေးအထောက်အပံ့တွေ မပေးနိုင်သေးပေမယ့် ကျမတို့ရဲ့ မိတ်ဖက် နိုင်ငံတွေက ဆက်လက် ထောက်ပံ့ပေးနေပါတယ်" ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းပြန်ကြား ရေးအရာရှိ ဆက်ဘရီနာ ဆင်း (Sabrina Singh) က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၇ ရက်က ယူကရိန်းအတွက် ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိ စစ်ရေးအကူအညီများ ကြေညာခဲ့ပြီး ထိုအကူအညီသည် ယူကရိန်းအတွက် အမေရိကန်၏ နောက်ဆုံးအကြိမ် စစ်ရေးအကူအညီ ကြေညာချက်ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်

ဇန်နဝါရီ ၂၃ ရက်က ရုရှားသည် ယူကရိန်း၏ အကြီးဆုံးမြို့ ၂ မြို့ကို ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များ၊ လေယာဉ်ပစ် ဒုံးကျည်များ အပါအဝင် ဒုံးကျည် စုစုပေါင်း ၄၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့ကာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

ရုရှားနှင့် ယူကရိန်းအကြား ၂ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ယူကရိန်းနှင့် ၎င်း၏ အနောက်မဟာမိတ်နိုင်ငံများက ထောက်ခံထားသည့် သဘောတူညီချက်များကို ရုရှားက ငြင်းပယ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရုရှားတို့ ပစ်ခတ်ခဲ့သည့် ဒုံးကျည်များထဲမှ ဒုံးကျည် ၂၁ စင်းထက်မနည်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့တော်ရှိ ရပ်ကွက် ၄ ခုတွင် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Source: အေပီ