CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သူ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP)ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

UEC သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများကို ပြန်လည်၍ ပါတီမှတ်ပုံတင်ခိုင်းခဲ့သည်။

ထို့နောက် ပြည်သူ့ပါတီ(PP)သည် ပြည်ထောင်စုအဆင့်(နိုင်ငံတစ်ဝှမ်းလုံး) ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီအဖြစ် ပါတီမှတ်ပုံတင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မကျဘဲ ဖြစ်နေရာမှ ၈ လကျော်အကြာ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း UEC က အကြောင်းကြားလာခဲ့သည်။

ဦးကိုကိုကြီးကို တွေ့ရစဉ်

ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ ဒီနေ့ ညနေ ဖုန်းဆက်လာတာ၊ ပါတီမှတ်ပုံတင်ခွင့်ကျပြီးဆိုတဲ့ အကြောင်း။ ကျနော်တို့ မှတ်ပုံတင်ထားတာ ၈ လကျော်ပြီးမှ အခုလို မှတ်ပုံတင်ခွင့် ချပေးလာတာပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC က နိုင်ငံရေးပါတီများကို ပြန်လည်၍ မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံရေးပါတီ ၄၀ ကျော်အား မှတ်ပုံတင်ချထားပေးပြီး ဖြစ်သည်။

 နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။

မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ KNDF တပ်ဖွဲ့ကိုတွေ့ရစဉ်

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့ တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်(EAO)များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်ပြန့်နေချိန်မှာ နစက အနေဖြင့် နိုင်ငံပါတီ များကို ကန့်သတ်ထိန်းချုပ်ထားမှုများ ဖြေလျှော့ပေးသင့်ကြောင်း၊ နိုင်ငံရေးဘောင် ပြန်လည်ကျယ်ပြန့်လာရေး အတွက် နိုင်ငံရေးပါတီများကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးသင့်ကြောင်း ထောက်ပြလျက်ရှိသည်။