CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂

ပါးမားအသင်းဟာ ဘာရီအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၁ ဂိုးစီသရေကျခဲ့ပြီးနောက် စီးရီးဘီကနေ စီးရီးအေပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီ စီးရီးဘီပြိုင်ပွဲပြီးဆုံးဖို့ ၂ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ပါးမားအသင်းဟာ အဆင့် ၂ နေရာက ကိုမို အသင်းနဲ့ ၃ မှတ်၊အဆင့် ၃ နေရာက ဗီနီဇီယာအသင်းနဲ့ ၇ မှတ်အကွာ အဆင့် ၁ နေရာမှာရပ်တည်နေတာပါ။ 

စီးရီးဘီပြိုင်ပွဲရဲ့ ထိပ်ဆုံး ၂ သင်းဟာ စီးရီးအေပြိုင်ပွဲကို တိုက်ရိုက်တန်းတက်ခွင့် ရရှိမှာဖြစ်ပြီး အဆင့် ၃ နေရာ ကနေ အဆင့် ၈ နေရာအထိအသင်းတွေကတော့ လက်ကျန် ၁ နေရာအတွက် ပလေးအောဖ့် ပွဲစဉ်တွေ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ပါးမားအသင်းဟာ အဆင့် ၃ နေရာက ဗီနီဇီယာအသင်းကို ၇ မှတ်အထိဖြတ်ထားနိုင်ခဲ့တဲ့အတွက် လာမယ့်ရာသီ စီးရီးအေပြိုင်ပွဲကို တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့တာပါ။ 

ပါးမားအသင်းဟာ လက်ကျန် ၂ ပွဲမှာ ၁ ပွဲ အနိုင်ရတာနဲ့ စီးရီးဘီချန်ပီယံအဖြစ်အောင်ပွဲခံနိုင်မှာဖြစ်သလို ကိုမိုအသင်းကလည်း ၂ ပွဲမှာ ၁ ပွဲအနိုင်ရတာနဲ့ စီးရီးအေကို တိုက်ရိုက်တန်းတက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ 

ပါးမားအသင်းဟာ ၂၀၂၀-၂၁ ရာသီက စီးရီးအေ ကနေ တန်းဆင်းခဲ့ပြီးနောက် ၃ ရာသီအကြာမှ အီတလီထိပ်တန်းလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တာပါ။

ဘူဖွန်၊ကင်နာဗားရိုး၊ခရက်စပို၊မူတူး၊အက်ဒရီယာနိုတို့လို နာမည်ကြီးကစားသမားတွေ ကစားခဲ့တဲ့ ပါးမားအသင်း ဟာ ကိုပါအီတာလီယာဖလားနဲ့ ဥရောပပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ပါးမား အသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ဒေဝါလီခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ စီးရီးဒီထံ တန်းဆင်းခဲ့ရတာပါ။ 

ပါးမားအသင်းဟာ ၃ ရာသီအကြာမှာပဲ စီးရီးအေကို တန်းပြန်တက်နိုင်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ တန်းပြန်ဆင်းခဲ့ ပါတယ်။

ပါးမားအသင်းဟာ လက်ရှိအချိန်မှာတော့ ရလဒ်ကောင်းတွေပြန်လည်ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ စီးရီးအေပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

Source:AP