CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇

မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်သည် နိုင်ငံရေးပါတီများမှ ခေါင်းဆောင် တချို့နှင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် ဆွေးနွေးရန် စီစဉ်နေကြောင်း နိုင်ငံရေးပါတီ အသိုင်းအဝိုင်းထံမှ ကြားသိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်သည် ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့နှင့် တွေ့ဆုံရန် စီစဉ်မှုများ ရှိနေကြောင်း သိရ သည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် မည်သည့် အဖွဲ့အစည်းများဖြင့် တွေ့ဆုံမည်ကို မသိရှိရသေးကြောင်း၊ မိမိအနေဖြင့် တွေ့ဆုံ ခဲ့ပါက လက်တွေ့ကျကျ မည်သည့်ကိစ္စများကို ဆောင်ရွက်နိုင်မည်ကို ညှိနှိုင်းသည့်သဘောမျိုး ဖြစ်နိုင်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဦးကိုကိုကြီးက “အခုကတော့ တစ်ယောက်နဲ့ တစ်ယောက် အကဲခတ်တဲ့ အဆင့်ပဲ ရှိဦးမယ်ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီခရီးစဉ်က ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်တယ်ပေါ့နော်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာထိန်းပြီးနောက်ပိုင်း နိုင်ငံတကာ ဧည့်သည်တွေကို ဘီလ်ရစ်ချတ်ဆန် လာတယ်ဆိုတာလည်း သူက ပုဂ္ဂလိကအနေနဲ့ လာတာလေ၊ အခုက အာဆီယံ ကိုယ်စား လာတဲ့ဟာက ဒါပထမဦးဆုံး အဆင့်လည်းဖြစ်တော့ ဒီအခြေအနေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်း တီး ခေါက်တဲ့ သဘော၊ နောက် လက်တွေ့ကျကျ ဘယ်ကိစ္စတွေမှာ ဆောင်ရွက်နိုင်မလဲဆိုတာကို ညှိနှိုင်းတဲ့ သဘောမျိုးလောက်ပဲ ဖြစ်ဦးမယ်ထင်တယ်၊ နောက်အခေါက်တွေ အခေါက်တွေမှာတော့ ဒီထက် ပိုပြည့်စုံတဲ့၊ ထူးခြားတဲ့ တွေ့ဆုံမှုမျိုးတွေ ဖြစ်လိမ့် မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဦးကိုကိုကြီးအား တွေ့ရစဉ်

SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံနိုင်ရေး မိမိနာမည် ပါဝင်သည်ကို ကြားသိမိ ကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ ချိတ်ဆက်ထားခြင်း မရှိသည့်အတွက် တွေ့ဆုံနိုင်ရန် မဖြစ်နိုင်ကြောင်း CNI သတင်း ဌာနသို့ ပြောသည်။

ထို့နောက် ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် မိမိတို့ ပါတီကို လက်ရှိအချိန်ထိ အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောသည်။

လက်ရှိ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရမည်ဆိုသည့် လမ်း‌ကြောင်းပေါ်လာရေး မိမိတို့အနေဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

ဦးကိုကိုကြီးက “အဓိကကတော့ ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေး ဖြေရှင်းရမယ်ဆိုတဲ့ လမ်းကြောင်း ပေါ်လာဖို့ ကိုပဲ အဓိက ကျနော်တို့ မျှော်လင့်ရမှာပေါ့နော်၊ မဟုတ်ရင် ကျနော်တို့က အပြုတ်တိုက်မှရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် လက်နက်ကိုင် တော်လှန်ရေးကလွဲပြီးတော့ အခြားနည်းလမ်း မရှိဘူးဆိုတဲ့ ပုံစံမျိုးက အင်မတန် အန္တရာယ်ကြီးတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြန်ပြီး ပေါ်ပေါက်လာဖို့၊ စတင်နိုင်ဖို့ပေါ့လေ၊ အဲဒါပဲ ကျ‌နော်တို့ က အဓိက ကြိုးစားမှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်တွင် လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် (Prak Sokhonn)သည် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံ‌ရေးပါတီ တချို့နှင့်လည်း တွေ့ဆုံမည် ဖြစ် ကြောင်း၊ တခြားသော တွေ့သင့်တွေ့ထိုက်သူများကိုလည်း တွေ့ဆုံသွားရန် ရှိကြောင်း သိရသည်။