CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ကော်သူးလေးတပ်မတော်(KTLA)၏ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးသည် ဒီဇင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဆေးရုံမှာ ကွယ်လွန်သွားပြီး ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ကွယ်လွန်သူ စောဘဝါး၏ ဈာပနာအခမ်းအနားကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်မည် ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး စောဘဝါးသည် ကျန်းမာရေး မကောင်းသည့်အတွက် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ ချင်းမိုင် ဆေးရုံမှာ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ လူကြီးရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်ဟု မိသားစုဝင်များဖြင့် နီးစပ်သူများက ပြောသည်။

စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူများကတော့ ဒုဗိုလ်ချုပ်ကြီးစောဘဝါးသည် ဒီဇင်ဘာလ တတိယအပတ်အတွင်းက ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေမြစန္ဒီရွာတွင် ကရင်ဒုံးယိမ်းအက ကြည့်နေစဉ် လက်နက်ကြီး ထိမှန်ခဲ့၍ ဆေးကုသမှုခံယူခဲ့ရပြီးနောက် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးစောဘဝါး ဒုသမ္မတအဖြစ် တာဝန်ယူထားတဲ့ ကော်သူးလေးအစိုးရအဖွဲ့ စာရင်းကို တွေ့ရစဉ်

ဒုဗိုလ်ချုပ်ကြီးစောဘဝါးသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့(KNDO)တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က မြဝတီခရိုင်၊ ဝေါ်လေဒေသ၌ အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ် တာဝန်ယူ ထားသူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့်အတူ အရေးယူခံခဲ့ရသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် ကော်သူးလေးတပ်မတော်(KTLA)ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောနယ်ဒါးမြက တာဝန်ယူခဲ့သလို ဒုစစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးက တာဝန်ယူခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကော်သူးလေးအစိုးရကို ဖွဲ့စည်းခဲ့ပြီး သမ္မတအဖြစ် ဒုဗိုလ်ချုပ်ကြီးစောနယ်ဒါးမြ၊ ဒုသမ္မတအဖြစ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးက တာဝန်ယူခဲ့သည်။