CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက် ခွင့်နှင့် မဲဆန္ဒနယ်များ၌ ပါဝင်ယှဉ်ပြိုင်ခွင့်များ မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃(က)အရ “ပါတီတစ်ရပ်ထူထောင်၍ ပြည်ထောင်စု တစ်ဝန်းလုံး တွင် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာဖြစ်စေ စည်းရုံးဆောင်ရွက်လိုသည့် ပါတီ တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးသည် ယင်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပါတီဝင် များကို ဥပဒေနှင့်အညီ စည်းရုံးခွင့်ပြုရန် ကော်မရှင်သို့ လျှောက်ထားရမည်”ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောသည်။


UEC က “သို့ဖြစ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်း ရုံးဆောင်ရွက်ခွင့်၊ အဆိုပါ မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်များ ရှိမည်မဟုတ်ပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။

 ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၆ အရ ပါတီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်လိုလျှင် ဖြစ်စေ၊ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင် လိုလျှင်ဖြစ်စေ ယင်းပါတီဗဟိုအလုပ်အမှု ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းနှင့်အတူ ပုံစံ(င)နှစ်စုံ ပူးတွဲ၍ ကော်မရှင်သို့ တင်ပြ လျှောက်ထားနိုင်ပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြောသည်။

ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီမဟုတ်ဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု အတွင်းမှာသာ ဝင်ပြိုင်မည့် ပါတီအဖြစ် မှတ်ပုံတင်၍ တခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းရှိ မဲဆန္ဒနယ်များကို ဝင်ပြိုင်ရန် ထပ်မံ မှတ်ပုံတင်ရမည်ဆိုပါက နိုင်ငံရေးပါတီများအတွက် ငွေကြေးနှင့် ပါတီဝင် စည်းရုံးရေးအတွက် အခက်အခဲများ ရှိစေကြောင်း နိုင်ငံရေးပါတီများက ဆိုကြသည်။

အဆိုပါ ပြဋ္ဌာန်းချက်အတိုင်းဆိုလျှင် လက်ရှိ နိုင်ငံရေးပါတီထဲကနေ တခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အတွက် ပါတီအသစ် ထပ်မံ ထူထောင်ရမည့် အနေအထားများ ဖြစ်နေကြောင်း ထောက်ပြလျက်ရှိကြသည်။