CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ်ထားသည့် သည်းခံမှု ကုန်သွားပြီဖြစ်ကြောင်း တပ်မတော်က အောက်တိုဘာ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြစ်ကြီးနား - ဗန်းမော် အဓိက ဆက်သွယ်ရေး ကားလမ်းမကြီးအား လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင် များအား KIA နှင့် ပူးပေါင်းအင်အားစုများက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အများ ပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေးလမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။

ထပ်မံ၍ ပြုလုပ်လာပါက သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း နှစ်ကြိမ်တိုင်တိုင် အသိပေး အကြောင်းကြားထားသည်ဟု ဖော်ပြထားသည်။

မြန်မာ့တပ်မတော် သံချပ်ကာ ကားကိုတွေ့ရစဉ်

ထုတ်ပြန်ချက်အရ နှစ်ဖက်တိုက်ပွဲ ပြင်းထန်မည်ဟု ယူဆရကြောင်း၊ KIA အနေဖြင့်လည်း ကချင်ပြည်နယ်ကို ထိန်းချုပ်ရန် ကြိုးစားလာနေကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စာအသွားအလာအရတော့ တိုက်ပွဲကတော့ ပြင်းထန်မယ်လို့ တုန့်ပြန်မှုတော့ များမယ်လို့ ယူဆလို့ရပါ တယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေမှာ လုပ်နိုင်သလား၊ မလုပ်နိုင်ဘူးလားဆိုတဲ့ အပေါ်မှာလည်း မူတည်ပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်အမြင်ကို ပြောရရင် အခု KIA ကလည်း KIO ကလည်း ကချင်ပြည်နယ်ကို ထိန်းဖို့ တစ်စစနဲ့ ကြိုးစားလာတဲ့ အခြေအနေမျိုး ဖြစ်တယ်၊ နောက်တစ်ချက်က တစ်ချိန်တည်းပဲ မြောက်ပိုင်း မဟာမိတ်တွေကလည်း ရှမ်းပြည်မြောက်ပိုင်းမှာ တစ်စစနဲ့ စခန်းတွေ သိမ်းလာတယ်ဆိုတော့ ဒီဟာတွေက အခက်အခဲတော့ စကစအနေနဲ့ အခက်အခဲတော့ ရှိမလားလို့ ကျနော်ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

ထို့အတူ KIA ၏ လက်နက်ထုတ်လုပ်သည့် နေရာ အပါအဝင် ခဲယမ်းနှင့် မိုင်းများ ထုတ်လုပ်သည့် နေရာများနှင့် သိုလှောင်သော နေရာများအား သင့်လျော်သည့် တုန့်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

KIA တပ်ဖွဲ့၀င် ၂ ဦးကိုတွေ့ရစဉ်

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ CNI က ဖုန်းဆက် သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

ဦးကွမ်ဂေါင်အောင်ခမ်းက “ဒီစကားလုံးကတော့ KIA ကလည်း ပြင်ဆင်မှုကတော့ ထားပါလိမ့်မယ်၊ နောက် တစ်ချက်ကတော့ စကစအနေနဲ့လည်း ဘယ်လောက်အထိ လုပ်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်၊ ဒါကတော့ စစ်တပ်ဆိုတာ ကျနော်ခါတိုင်း ပြောနေတာကတော့ လက်နက်ကိုင်ပြီးဆိုရင်တော့ အကုန်လုံး သူ့ဟာနဲ့ သူရှိကြ တယ်၊ ဆိုတော့ ကျနော်ကြတော့ လက်နက်ကိုင်တဲ့သူတွေကြတော့ ဘာပဲဖြစ်ဖြစ် အကုန်လုံး သူ့ဟာနဲ့သူ မားမား မတ်မတ်နဲ့ သွားနေတဲ့ သဘောမျိုး ဖြစ်တယ်ဆိုတော့ ထိပ်တိုက်ရင်ဆိုင်တဲ့အပေါ်မှာပဲ မူတည်ပါတယ်ဆိုတဲ့ဟာ ပြောလိုပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့အကြား မြစ်ကြီးနား - ဗန်းမော် ကားလမ်းမကြီးတစ်လျှောက် အပါအဝင် ဖားကန့်၊ ဝိုင်းမော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။