CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အယူအဆကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ၂၀၂၅ ခုနှစ်နောက်ပိုင်းရောက်လျှင် ပြောင်းလဲသွားလိမ့်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပွင့် ပွင့်လင်းလင်း ပြောကြားထားသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြော သည်။

KIC ဒုဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်သည် ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးမှာ အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “ ကျနော်တို့က ၂၀၁၈ လောက်ကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ NLD ကို ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ပြောတာကတော့ ၂၀၂၅ နောက်ဆုံးထားပြီး အဖြေရှာသင့်တယ်။ ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေကနေ ပြော နေတာကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ဦးဆောင်ပါ။ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ပါဝင်မယ်လို့ ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအယူအဆကို လက်မခံဘူး ဆိုရင်တော့ ၂၀၂၅ ကျော်သွားလို့ရှိရင် ဒီအယူအဆတွေက ပြောင်းသွားမယ်။ အဲတော့ တပ်မတော်ဟာ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါမလားဆိုတော့ မေးခွန်းဖြစ်လာမယ်။ အဲဒီ ဒီလို စဉ်းစားချက်တွေ ပြောင်းသွား မယ်လို့ ကျနော်တို့ ၂၀၁၈ အကုန်ပိုင်းကနေ စပြီး ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပွင့်ပွင့်လင်းလင်း ကျနော်တို့ မက်စ်ဆေ့ ပို့ထားပြီးဖြစ်ပါတယ်။ ဒါ ကျနော်တို့ သဘောထား ဖြစ်ပါတယ်”ဟု ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ကို တွေ့ရစဉ်

သို့သော် ဖက်ဒရယ် အယူအဆကနေ ပြောင်းလဲပြီး မည်သည့် နိုင်ငံရေးအဆင့်အတန်းမျိုးအထိ သွားရောက် မည်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပေ။

KIA ထူထောင်ပေးခဲ့သော ရက္ခိုင့်တပ်တော်(AA)ကတော့ ဖက်ဒရယ်ထက် အုပ်ချုပ်ပိုင်ခွင့် ပိုမိုရရှိသော ကွန်ဖက် ဒရေးရှင်း သို့မဟုတ် သီးခြား လွတ်လပ်ရေး တစ်ခုကို ထူထောင်မည်ဟု ကြွေးကြော်ထားသည်။

အလားတူ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလား- NDAA)တို့သည်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်လွန်ပြီး ဖက်ဒရယ်မဟုတ်သော ကွန်ဖက်ဒရေးရှင်းအဆင့်အတန်းမျိုးဖြင့် အုပ်ချုပ်လျက်ရှိနေသည်။

KIA သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေသည်ဟု ပြောသော်လည်း ဝမ်ပေါင် နိုင်ငံထူထောင်ရေး ရည်မှန်းချက်များ ရှိကြောင်း တော်လှန်ရေး အသိုင်းအဝန်းကြားတွင် ပြောကြားလျက်ရှိနေ သည်။ 

KNU၊ RCSS၊ SSPP တို့ကတော့ လတ်တလောအထိ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အယူအဆဖြင့် လက်နက်ကိုင် တော်လှန်လျက်ရှိနေသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကတော့ နိုင်ငံရေး ရေချိန်မြှင့်တက်လာပြီး ပြည်ထောင် စု တည်ဆောက်ရေး မဖြစ်နိုင်ဘဲ အစိတ်စိတ် အမွာမွာ ကွဲ၍ နိုင်ငံငယ်များ ထွက်သွားနိုင်ခြင်းကြောင့် ပလောင် (တအာင်း)လူမျိုးများအနေဖြင့် နိုင်ငံတည်ဆောက်ဖို့ အဆင်သင့်ပြင်ဆင်ထားရမည်ဟု TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ပြောကြားထားသည်။

 ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့်လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။

ယခု ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေသည် ၅ နှစ်ထက် မကျော်သင့်ဘူးဟု KIA မှ ဒုဗိုလ်ချုပ်ကြီး ဂွမ် မော်က ဘီဘီစီ မြန်မာပိုင်းနှင့် အင်တာဗျူးမှာ ပြောသွားခဲ့သည်။

TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်ကို တွေ့ရစဉ်

၎င်းက “ကျနော်တို့က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စပြီးတော့ ကြားကာလလို့ သုံးတယ်ပေါ့နော်။ နွေဦး တော်လှန်ရေးဖြစ်တယ် ကြားကာလလည်း ဖြစ်တယ်။ ကျနော်တို့ KIO က ကြားကာလကို ဖွင့်ဆိုတာ ကတော့ ဒီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးမှ ပြည်ထောင်စုတွင် ခိုင်မာသော အစိုးရတစ်ရပ် ပေါ် ပေါက်လာသည့် အခြေအနေအထိလို့ ကျနော်တို့က ကြားကာလလို့ ယာယီသတ်မှတ်ပါတယ်။ ပြည်ထောင်စု တွင်လို့ ကျနော်တို့ သုံးပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံလို့ မသုံးပါဘူး။ ပြည်ထောင်စုတွင် ခိုင်မာသော အစိုးရ တစ်ရပ် ပေါ်လာသည့် အချိန်အထိ ဒါကို ကြားကာလလို့ သုံးပါတယ်။ ဒါကို ကျနော်တို့ ၅ နှစ်ထက် မကျော်သင့် ဘူးလို့ ကျနော်တို့ ဒီလိုပဲ ခံယူပါတယ်။ သို့သော်လည်းပဲ ဘယ်လောက် ဖြစ်လာမလဲဆိုတာကိုတော့ ကျနော်တို့ အားလုံးရဲ့ ကြိုးစားမှုတွေ၊ နားလည်မှုတွေ၊ ညှိနှိုင်းမှုတွေ၊ တိုက်ပွဲတွေအပေါ်မှာပဲ မူတည်မှာဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လောက်ကြာမလဲလို့ ခန့်မှန်းတာထက် ဒီကြားကာလ  ကျနော်တို့အားလုံး ဒုက္ခရောက်နေတဲ့ အချိန် အားလုံး စစ်နဲ့လုံးပန်းနေရတဲ့ အချိန်ဟာ ၅ နှစ်ထက် မကျော်သင့်ဘူးလို့ ကျနော်တို့က ဒီလိုပဲ ပြောချင်ပါ တယ်”ဟု ပြောသည်။

မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်း သည်ဟုဆိုကာ ဖြုတ်ချခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်ကို ဖြုတ်ချ၍ စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ်ဟောင်းများ၊ နိုင်ငံရေးတက် ကြွ လှုပ်ရှားသူများ ပူးပေါင်း၍ လက်နက်ကိုင် တော်လှန်ရေးကို ဆောင်ရွက်လျက်ရှိနေသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲရှောင် ၁ သန်းကျော်လာခဲ့သလို နေအိမ်များ မီးရှို့ ဖျက်ဆီးခံရခြင်းနှင့် အရပ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်လျက်ရှိ နေသည်။