CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃

လက်နက်ကိုင်တပ်များတွင် မြန်မာ့တပ်မတော်(ဗမာစစ်တပ်ဟုလည်း မှတ်ယူနေကြ) ပြီးပါက ရခိုင်လက်နက်ကိုင် တပ်မှာ အင်အား အတောင်းတင်းဆုံးဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်း ဌာနသို့ ပြောသည်။

ရက္ခိုင့်တပ်တော် (ULA/AA) တွင် ရခိုင်လူငယ် အများအပြား တာဝန်ထမ်းဆောင်နေကြောင်း၊ AA တပ်ဖွဲ့ဝင်များကို နိုင်ငံတစ်ဝှမ်း ဖြန့်ကျက်ထားကြောင်း ၎င်းက ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “အခု ရက္ခိုင့်တပ်တော် ရခိုင်လူမျိုးတွေ ရခိုင်တပ်တော်တွေအနေနဲ့ ကျနော်သုံးသပ် သလောက်တော့ စစ်တပ်မှာ ဗမာပြီးရင် ရခိုင်တွေက အများဆုံးဖြစ်တယ်၊ လူဦးရေရော တအားများတယ်၊ ဆို တော့ လူဦးရေများတဲ့အလျောက် ရက္ခိုင့်တပ်တော်ထဲမှာလည်း ရခိုင်လူငယ်တွေအများကြီး ပါတယ်လို့ပဲ ကျနော် ဒီလိုပဲမြင်တယ်၊ ဒါကြောင့်ပဲ လူဦးရေအလိုက် သူတို့အနေနဲ့ ဖြန့်ကျက်ပြီး ထားနိုင်တယ်လို့ပဲ မြင်တယ်၊ ဥပမာ ကရင်မှာလည်း ထားနိုင်တယ်၊ ကချင်မှာလည်း ထားနိုင်တယ်၊ ရှမ်းပြည်မှာလည်း ထားနိုင်တယ်၊ နောက်တစ်ချက် ကတော့ သူတို့ နယ်မြေမှာလည်း အခိုင်အခန့်ရှိနေတဲ့ သဘောမျိုးဖြစ်ပါတယ်။ သူ့နယ်မြေမှာ နားလည်မှု သဘော ထားယူပြီး လုပ်သွားပေမယ့်လည်း ကျန်တဲ့နေရာမှာ တပ်ပေါင်းစုတွေနဲ့ မဟာမိတ်တွေနဲ့ အလုပ်လုပ်တဲ့အချိန်မှာ သူကတော့ ပါနေရတဲ့သဘော ပါပြီးမှ တိုက်ပွဲဝင်နေရတယ်၊ ဒါကြောင့်မို့ တစ်နိုင်ငံလုံး ဖြန့်ကျက်ပြီးမှ ထားနိုင် တယ်၊ ပါဝင်နိုင်တယ်လို့ပဲ ကျနော်ဒီလိုပဲ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

လက်ရှိတွင် AA သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေသလို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသည်။

AA အနေဖြင့် ကချင်ပြည်နယ်မှတဆင့် ချင်းပြည်နယ်ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်သို့ လက်နက်တင်ပို့ရန် လမ်းကြောင်း လုပ်ဆောင်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ကျောက်တွင်းကိုလာတဲ့ ရခိုင်လူငယ်တွေကို စုပြီးတော့ AA ထောင်တယ်ပေါ့ဗျာ၊ ထောင်ပြီးတဲ့ အခါကြ တော့ ရခိုင်ကို ပို့တာ၊ အဲဒီတော့ AA ရဲ့ ပင်မနေရာက အဲဒီဖက်မှာ ရှိတာ၊ ဟိုမှာက ခြေကုတ်ယူထားတာ သို့သော် ဒီဖက်ကိုလည်း မလွတ်ဘူး။ မလွတ်ဘူးဆိုတာက သူနဲ့ KIA ကြားထဲမှာ ဆက်ဆံရေးပေါ့နော်၊ ဆက်ဆံရေး ထူထောင်ဖို့ ချင်းဖက်ကနေ လှည့်ပြီးတော့ ရခိုင်ဖက်ကို လက်နက်ခဲယမ်းပေါ့၊ အဲဒါအတွက်ကို သူက လမ်းကြောင်း လုပ်ထားတာ၊ လုပ်ထားတဲ့အခါကြတော့ AA ရဲ့ လူတွေလည်း ဒီမှာရှိတယ်၊ ဒီလူတွေက ဘာလဲဆိုတော့ ပြောရရင် KIA က အရမ်းလည်တဲ့အခါကြတော့ EAOs တွေပေါ့၊ KIA ဘယ်လိုပြောသလဲဆိုတော့ ကျနော့်ကို ပြောတာနော် တောင်ပေါ် ဗမာလို့ ပြောတာ၊ KIA ကို လည်လွန်းအားကြီးလို့ ကျန်တဲ့ လက်နက်ကိုင်တွေက ပြောတာ အမှန်တိုင်း ပြောရရင် သူက လူမွေးပြီးတော့ ကာတာပေါ့ဗျာ၊ ပလောင်ကို မွေးကာလိုက်တယ်၊ တစ်ခါ AA ကို မွေးကာတော့ ဒီမှာရှိတဲ့ AA က ရခိုင်မှာရှိတဲ့ လူထုကလည်း ထမင်းကျွေးဖို့မလိုဘူး။ သူ့ကို ထမင်းကျွေးထောက်ပံ့မှု လုပ်ပေးထား တာက KIA သူက ပြောရရင်တော့ ကြေးစားစစ်သားပေါ့ဗျာ၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ AA ကတော့ KIA ရဲ့ မဟာမိတ်လို့ ပြောရင်လည်း ပြောပေါ့၊ ကြေးစားစစ်သားပေါ့နော်၊ ဒီလို သဘောပါပဲ” ဟု ပြောသည်။

AA တပ်ဖွဲ့၀င်များကိုတွေ့ရစဉ်

ရက္ခိုင့်တပ်တော် (ULA/AA) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး စတင်စဉ်ချိန် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ခြေကုတ်ယူပြီး ရခိုင်ပြည်နယ်အတွင်း စတင်ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် AA ၏ စစ်အင်အားမှာ ၃၀၀၀၀ ထက်မနည်း ရှိကြောင်း လက်နက်ကိုင်အဖွဲ့များကို စောင့်ကြည့်နေသူ များက ပြောသည်။