CNI International News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇

ထိုင်ဝမ်သို့ရောက်ရှိလာသည့် သြစတြေးလျ လွှတ်တော်အမတ် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည့် ထိုင်ဝမ်-သြစတြေးလျ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် စက်တင်ဘာ ၂၆ ရက်က တိုက်တွန်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့ သည်။

သြစတြေးလျသည် တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိရန် လုပ်ဆောင်နေသည့် အချိန်တွင် သြစတြေးလျ လွှတ်တော်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီ နှစ်များအတွင်း COVID-19 ကပ်ရောဂါ၏ ဇာစ်မြစ်ကို ရှာဖွေမှုနှင့်ပတ်သက်ပြီး သြစတြေးလျနှင့် တရုတ်အကြား ဆက်ဆံရေးများ တင်းမာခဲ့ပြီးနောက် တရုတ်သည် သြစတြေးလျနိုင်ငံမှ တင်ပို့သည့် ကုန်စည်များ အပေါ် အခွန်များ တိုးမြှင့်ကောက်ခံခဲ့သည်။

 တရုတ်ကို တွေ့ရစဉ်

သြစတြေးလျ၏ လစ်ဘရယ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ပေါလ် ဖလက်ချာ (Paul Fletcher) က သြစတြေးလျ၏ အင်အားကြီး ပါတီနှစ်ခုမှ လွှတ်တော်အမတ်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ် ခရီးစဉ်ကို ချီးကျူးဂုဏ်ပြုခဲ့သည်။

"သြစတြေးလျရဲ့ အင်အားကြီး ပါတီနှစ်ခုက လွှတ်တော်အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို လာရောက်ပြီး ဆက်ဆံရေးတွေကို ပိုမိုတိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်"ဟု ဖလက်ချာက ပြောသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့ သြစတြေးလျ လွှတ်တော်အမတ် ၆ ဦး ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

သြစတြေးလျ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် သန့်ရှင်း သည့် စွမ်းအင်သုံးစွဲရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း (semi-conductor) ထုတ်လုပ် ရေးကဏ္ဍကို သြစတြေးလျက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သြစတြေးလျသည် ဒေသတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာသည့် အခြေအနေကို စောင့်ကြည့်နေပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုများအား ချဲ့ထွင်လျက်ရှိသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) ကမူ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ ဖွဲ့စည်းထားသည့် (AUKUS) အဖွဲ့ကို ရည်ညွှန်းပြီး ဒေသတွင်းလုံခြုံရေးအတွက် ပါဝင်လှုပ်ရှားနေသည့် သြစတြေးလျ၏ အခန်းကဏ္ဍ ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကမူ ထိုင်ဝမ်သည် တရုတ်၏ နယ်နိမိတ်တစ်ခု ဖြစ်သည်ဟု ကြေညာထားပြီး လိုအပ်လာပါက တစ်နေ့နေ့ တွင် အင်အားသုံးပြီး သိမ်းယူသွားမည်ဟု မကြာခဏ ပြောကြားခဲ့သလို ထိုင်ဝမ်အပေါ် သံတမန်ရေးနှင့် စစ်ရေး ဖိအားများ တိုးမြှင့်ခဲ့သည်။

Source: အေပီ