CNI International News

မော်စကို၊ သြဂုတ် ၂၅

ရုရှားနိုင်ငံမှ ကြေးစားစစ်သား ငှားရမ်းသည့် ဝဂ်နာအုပ်စု၏ အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin) နှင့် ၎င်း၏ ထပ်သီး လက်ထောက်များ လိုက်ပါလာသည့် လေယာဉ်ပျက်ကျမှုသည် သွေးရိုးသားရိုး မဖြစ်နိုင်ဘဲ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ကို တော်လှန်ခဲ့မှုကြောင့် လုပ်ကြံခံရခြင်းလည်း ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆချက်များ ထွက်ပေါ်ခဲ့သည်။

သြဂုတ် ၂၃ ရက်က ဝဂ်နာအုပ်စုတည်ထောင်သူ ပရီဂေါ့ဇ်ဟင်သည် အခြားခရီးသည် ၆ ဦး၊ လေယာဉ်အမှုထမ်း ၃ ဦးနှင့်အတူ မော်စကိုမှ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ပျက်ကျခဲ့ ခြင်းဖြစ်သည်ဟု ရုရှား လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့ပြီး အမည်မဖော်လိုသည့် သတင်းရင်းမြစ် များကမူ ပရီဂေါ့ဇ်ဟင်သည် ထိုလေယာဉ် ပျက်ကျမှုတွင် သေဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။ 

သို့သော် ပရီဂေါ့ဇ်ဟင် သေဆုံးခြင်း ရှိ/မရှိကို တရားဝင် အတည်ပြုချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။

စိန့်ပီတာစဘတ်ချ်မြို့ရှိ ဝဂ်နာဌာနချုပ်တွင် မီးလုံးများကို  လက်ဝါးကပ်တိုင်ပုံစံ ဖွင့်ထားပြီး ပရီဂေါ့ဇ်ဟင်ကို ထောက်ခံသူများက ဝဂ်နာအဖွဲ့၏ အလံကို လွှင့်ထူကာ ဖယောင်းတိုင်များအား ထွန်းညှိ၍ ဝမ်းနည်းအောက်မေ့ ဖွယ် အထိမ်းအမှတ်တစ်ခုကို ပြုလုပ်ခဲ့သည်။ 

ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်နဲ့ နောက်လိုက်များ လိုက်ပါလာတဲ့ လေယာဉ်ပျက်ကျစဉ်

မော်စကိုမြို့တော် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျသော နေရာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးသူများက စစ်ဆေးလေ့လာမှုများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်။

ရုရှားလူမှုမီဒီယာအချို့တွင်မူ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်းများသည် မီးလောင်ခံထား ရသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိရန် ခက်ခဲပြီး DNA စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဟု ရေးသား ဖော်ပြခဲ့ကြသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပူတင်သည် ရေငုံနှုတ်ပိတ်နေခဲ့ကာ သြဂုတ် ၂၄ ရက်တွင် တောင်အာဖရိကနိုင်ငံ၌ ပြုလုပ်နေသည့် BRICS အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။

ယူကရိန်းသမ္မတ ဇာလန်စကီး (Volodymyr Zelensky)ကတော့ ထိုလေယာဉ်ပျက်ကျမှုသည် ယူကရိန်းနှင့် မသက်ဆိုင်ကြောင်း၊ မည်သူက လုပ်ဆောင်ခဲ့သည်ဆိုခြင်းကို လူတိုင်းက သိရှိနားလည်ကြောင်း ပြောကြားခဲ့သည်။ 

Source: အေပီ