CNI International News

ဘန်ကောက်၊ သြဂုတ် ၂၅

ထိုင်းစစ်တပ်မှ မကြာမီ အငြိမ်းစားယူတော့မည့် ထိပ်သီးတပ်မှူး နေရာများအတွက် အစားထိုး တာဝန်ထမ်း ဆောင်မည့် အရာရှိများအား အမည်စာရင်း တင်သွင်းရာမှာ လေတပ်နှင့် ရေတပ်သည် ၎င်းတို့၏ တပ်မှူးနေရာ များအတွက် သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေသည်ဟု စစ်တပ်၏ ထိပ်သီးသတင်းရင်းမြစ်တစ်ခုက ပြောကြား ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ ဝန်ကြီးချုပ်လည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် သြဂုတ် ၂၃ ရက်က နှစ်စဉ်ပြုလုပ်သည့် စစ်တပ်ပြုပြင်ပြောင်းလဲရေး အစည်းအဝေးကို ဦးစီး ကျင်းပခဲ့ ရာတွင် ထိပ်သီးတပ်မှူး ရာထူးနေရာ အပြောင်းအလဲများအတွက် အမည်စာရင်း တင်သွင်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးကို ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ အမြဲတမ်း ကာကွယ်ရေး အတွင်းဝန်နှင့်အတူ ထိုင်း တော်ဝင်ကြည်းတပ် (RTA) ၊ ထိုင်းတော်ဝင်ရေတပ်(RTN)နှင့် ထိုင်းတော်ဝင်လေတပ် (RTAF) များမှ စစ်ဦးစီးချုပ် များလည်း တက်ရောက်ခဲ့သည်။

 ဗိုလ်ချုပ်ကြီး ပရာယွတ်ကိုတွေ့ရစဉ်

လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ထိုင်းစစ်တပ်၏ ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်များသည် စက်တင်ဘာလ ကုန်တွင် အငြိမ်းစား ယူတော့မည်ဖြစ်သဖြင့် ၎င်းတို့၏ ရာထူးနေရာများကို အစားထိုး ခန့်အပ်ရန် အမည်စာရင်း များ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးကို ယခင်က သြဂုတ် ၂၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း သြဂုတ် ၂၃ ရက်က ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည့် ဆရီသာ သာဗင်စင် (Srettha Thavisin) ကို ထိုင်းဘုရင်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့သဖြင့် ပရာယွတ်သည် အစည်းအဝေးကို တစ်ရက်စောပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ၏ ခေါင်းဆောင် ရာထူးများ နေရာအတွက် ပရာယွတ်နှင့် ဆွေးနွေးခဲ့ကြပြီး ရေတပ်နှင့် လေတပ် အကြီးအကဲများသည် တပ်မှူးနေရာများကို အစားထိုးရွေးချယ်မည့် အရာရှိ များအား ရွေးချယ်ရာ၌ သဘောထား တိုက်ဆိုင်မှုမရှိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းရင်းမြစ်တစ်ခုက ပြော သည်။

 ပန်ပက်ဒီ ပတ်တနာကူလ်ကို တွေ့ရစဉ်

ကြည်းတပ်အတွက် အစားထိုး တာဝန်ထမ်းဆောင်မည့် တပ်မှူးနေရာအတွက် အဆိုပြုတင်သွင်းမှုသည် အခက်အခဲမရှိဘဲ အဆင်ပြေ ချောမွေ့ခဲ့သည်ဟုလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ 

ကြည်းတပ်၏ တပ်မှူးနေရာအတွက် အဆိုပြု တင်သွင်းခံရသူမှာ ဗိုလ်ချုပ်ကြီး ဆောင်ဝစ် နွန်ပက်ခ်ဒီ (Songwit Noonpakdi) ဖြစ်ပြီး သူသည် လက်ရှိ ကြည်းတပ်၏ လက်ထောက် တပ်မှူးဖြစ်သည်။ 

သို့သော် ပရာယွတ်သည် လေတပ်နှင့် ရေတပ် အကြီးအကဲ နေရာများအတွက် အမည်စာရင်း တင်သွင်းမှုကို အပြည့်အဝ သဘောတူညီခဲ့ခြင်း မရှိကြောင်း သိရသည်။

ရေတပ် အကြီးအကဲအဖြစ် ရေတပ်ဗိုလ်ချုပ်ကြီး အဒွန် ပါနီအမ် (Adm Paneiam) သည် အမည်စာရင်း တင်သွင်းခံ ခဲ့ရပြီး လေတပ်အကြီးအကဲအတွက် လေကြောင်းတိုက်ခိုက်ရေးဌာန အကြီးအကဲ ပန်ပက်ဒီ ပတ်တနာကူလ် (Panpakdee Pattanakul) ကို အမည်စာရင်း တင်သွင်းခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းရင်းမြစ်က ပြောကြားခဲ့ သည်။

သို့သော်လည်း ရေတပ်နှင့် လေတပ်၏ ထိပ်သီး စစ်ခေါင်းဆောင်များသည် သက်ဆိုင်ရာ တပ်မှူးရာထူး နေရာများ အတွက် အမည်စာရင်း တင်သွင်းမှုများအပေါ် ပရာယွတ်နှင့် သဘောထား ကွဲလွဲခဲ့ကြသည်ဟုလည်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်