CNI International News

မော်စကို၊ အောက်တိုဘာ ၇

ရုရှားနိုင်ငံတွင် ဝဂ်နာကြေးစားစစ်သားကုမ္ပဏီ၏ အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin) သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှု၌ ထိုလေယာဉ်အတွင်းဘက်မှာ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပရီဂေါ့ဇ်ဟင်၏ လေယာဉ်သည် ဒုံးကျည်ထိမှန်မှုကြောင့် မဟုတ်ဘဲ လေယာဉ်အတွင်းပိုင်းတွင် ပေါက်ကွဲမှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ကောက်ချက်ချခဲ့သည်။

သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပရီဂေါ့ဇ်ဟင်၏ လေယာဉ် ပျက်ကျမှုဖြစ်စဉ်တွင် သေဆုံးသူများ၏ ရုပ် အလောင်းများကို လေ့လာရာမှ ပေါက်ကွဲမှု၏ အကြောင်းရင်းကို တွေ့ရှိခဲ့သည်ဟု ပူတင်က ပြောသည်။

"လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေထဲမှာ လက်ပစ်ဗုံး အစအနတွေကို တွေ့ခဲ့ရပါ တယ်"ဟု ပူတင်က ပင်လယ်နက် အပန်းဖြေ စခန်းမြို့ဖြစ်သည့် ဆိုချီ (Sochi) မြို့ရှိ ဗယ်လ်ဒါအီ ဆွေးနွေးရေး ကလပ် (Valdai Discussion Club) တွင် ပြုလုပ်သည့် အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

ပူတင်ကို တွေ့ရစဉ်

"လေယာဉ်ဟာ ပြင်ပရဲ့ သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါဟာ အချက်အလက်တွေအပေါ် အခြေခံပြီး ပြောတာပါ"ဟု ပူတင်က ပြောကြားခဲ့သည်။

ပရီဂေါ့ဇ်ဟင်၏ ကိုယ်ပိုင် Embraer ဂျက်လေယာဉ်သည် သြဂုတ် ၂၃ ရက်က စိန့်ပီတာစဘတ်ချ် (Saint Petersburg) သို့ သွားရောက်ချိန်တွင် မော်စကိုမြို့တော် မြောက်ပိုင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် ပရီဂေါ့ဇ်ဟင် အပါအဝင် လေယာဉ်ပေါ် လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့သည်။

ထိုလေယာဉ် ပျက်ကျမှုတွင် ဝဂ်နာအုပ်စု၏ ထိပ်သီးတပ်မှူး ၂ ဦး၊ ပရီဂေါ့ဇ်ဟင်၏ သက်တော်စောင့် ၄ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦး သေဆုံးခဲ့သည်။

သေဆုံးသွားတဲ့ ဝဂ်နာအုပ်စု အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်ကို တွေ့ရစဉ်

ပုဂ္ဂလိက ဂျက်လေယာဉ်ပေါ်တွင် လက်ပစ်ဗုံး ပေါက်ကွဲမှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ပူတင်က ပြောကြားခဲ့ခြင်း မရှိသော်လည်း စုံစမ်းစစ်ဆေးမှုများ၌ သေဆုံးသူများ၏ ရုပ်အလောင်းများကို အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ခြင်းမရှိသဖြင့် ထိုအချက်သည် အမှားအယွင်းတစ်ခု ဖြစ်သည်ဟု ဆိုသည်။

"ကျနော့် အမြင်အရ ပြောရမယ်ဆိုရင် အဲဒီလို စုံစမ်းစစ်ဆေးမှုတွေကို လုပ်ခဲ့သင့်ပါတယ်။ ဒါပေမယ့်လည်း မလုပ်ခဲ့ပါဘူး" ဟု ပူတင်က ပြောသည်။

စိန့်ပီတာစဘတ်ချ်မြို့ရှိ ဝဂ်နာအုပ်စု၏ ရုံးခန်းများကို ရှာဖွေရာတွင် ရုရှားနိုင်ငံသုံးငွေ ရူဘယ် ၁၀ ဘီလျံ (ဒေါ်လာ သန်း ၁၀၀) ကို တွေ့ရှိခဲ့ပြီး ကိုကင်း ၅ ကီလိုဂရမ် (၁၁ ပေါင်)ကို တွေ့ရှိခဲ့သည်ဟုလည်း ပူတင်က ပြောကြားခဲ့ သည်။

Source: အယ်လ်ဂျာဇီးယား