CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁

တပ်တွင်းတပ်ပြင် စည်းလုံးညီညွတ်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သလို သဘာဝဘေးဒဏ် ကျရောက် ခဲ့ချိန်တွင်လည်း အစိုးရ၊ တပ်မတော်တို့ ပူးပေါင်း၍ ဒေသ၏ အကျိုးများကို ဆောင်ရွက်ပေးခဲ့သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

သဘာဝဘေးဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌက “‌ဒေသခံပြည်သူများသည် မိမိတို့၏ တိုင်းရင်းသားများဖြစ်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်၊ တစ်လေတည်းအတူ ရှူနေကြသူများဖြစ်သဖြင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး သူ့အကျိုးဆောင်၊ ကိုယ့် အကျိုးဆောင်ဖြင့် နေထိုင်သွားမည်ဆိုပါက ဒေသတိုးတက်မှုကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ တပ်တွင်း တပ်ပြင် စည်းလုံးညီညွတ်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယခု သဘာဝဘေးဒဏ် ကျရောက်ခဲ့ချိန် တွင်လည်း အစိုးရ၊ တပ်မတော်တို့ ပူးပေါင်း၍ ဒေသ၏ အကျိုးများကို ဆောင်ရွက်ပေးခဲ့သည်”ဟု ပြောသည်။

ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေ့လာနေစဉ်

အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်မည်ဆိုပါက ဒေသတစ်ခုချင်းမှ အစပြု၍ နိုင်ငံ‌တော်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌ အနေဖြင့် ၎င်းတို့၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေခြင်းကြောင့် အဆိုပါ ပြောဆိုမှု အပေါ် မှတ်ချက်မပြုလိုကြောင်း ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ပြင်ပက မီဒီယာများ၊ အခြားအဖွဲ့အစည်းများမှ တပ်ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ကျော်လွှားရန် အဓိက လိုအပ်သည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်း ဦးက CNI သတင်းဌာနသို့ ပြောသည်။

နွေဦးတော်လှန်ရေး ကမ်ပိန်းတစ်ခုကိုတွေ့ရစဉ်

၎င်းက “သမိုင်းကြောင်း တစ်လျှောက်မှာ တပ်က အားနည်းသွားတဲ့ အချိန်မျိုးမှာ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအပိုင်းမှာ တော်တော်လေး အားနည်းချိနည်းသွားတဲ့ဟာတွေ ရှိတဲ့အခါကြတော့ အခုဆိုရင်လည်း မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရက်တစ် သွားနေတဲ့အချိန်မှာ တပ်မတော်က balanced လုပ်ရမယ့် နေရာမျိုးမှာ တော် တော်လေး တောင်းတောင်းတင်းတင်း ခိုင်ခိုင်မာမာ သွားနိုင်ဖို့ လိုအပ်တယ်၊ ဆိုလိုတာကတော့ ပြင်ပက ideology တွေက တပ်ရဲ့ အတွေးအခေါ်ပိုင်းထဲမှာ လာပြီး စိမ့်ဝင်သွားလို့ မရဘူး။ အဲဒါမျိုးက အဓိက စည်းလုံးညီညွတ်မှု ရှိ တယ်ဆိုတဲ့ဟာ ဒါမျိုးတွေကို အဓိကထားပြီး ဦးတည်ပြီးပြောတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် မြန်မာ့တပ်မ‌တော်အား ပြန်လည်ဖြုတ်ချနိုင်ရေး ဒီမိုကရေစီ အင်အားစုများမှ တော်လှန်တိုက်ခိုက်မှု များလည်း ရှိနေသလို တပ်တွင်းပြိုကွဲရေးကိုလည်း လုပ်ဆောင်နေကြကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြော သည်။