CNI News

၂၀၂၄ ခုနှစ်၊ မေ ၇

မလေးရှား-ထိုင်း နယ်စပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မလေးရှားအာဏာပိုင်များက နယ်စပ်ဒေသများ၌ လုံခြုံရေး ပိုမိုတင်းကြပ်ထားသည့်အတွက် တရားမဝင် ခိုးဝင်မည့်သူများ၊ နေရပ်ပြန်မည့် သူများအနေဖြင့် သတိ ထားကြရန် မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ တင်းကြပ်ထားမှုကြောင့် နယ်စပ်ဒေသများမှ တရားမဝင် ခိုးဝင်လာသူ၊ ခိုးပြန်ကြသူများထဲတွင် ဖမ်းဆီး ခံရသူများရှိသကဲ့သို့ အဖမ်းမခံရဘဲ လွတ်မြောက် သွားသူများလည်းရှိကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကြောင့်မို့လို့ သူတို့တွေ တင်းကြပ်မှုတွေ ပိုလုပ်တာပေါ့။ အခုလက်ရှိမှာလည်း နယ်စပ် တောက် လျှောက်ပါပဲ တင်းကြပ်မှုတွေ ပိုပြီးလုပ်လာတာ တွေ့ရပါတယ်။ ဘယ်လို အခက်အခဲ သွားဖြစ်နိုင်မလဲဆိုတော့ တရားမဝင် လမ်းကြောင်းနဲ့ ဝင်လာတဲ့ သူတွေအတွက်တော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ လွတ်လာတဲ့ လူတွေ ရှိသလို အဖမ်းအဆီး ခံရတဲ့လူတွေလည်း အများကြီး ရှိတာပဲ။ ဒါသူတို့ ကုသိုလ်ကံနဲ့ ဆိုင်ရင်လည်းဆိုင် မှာပေါ့။ ဒါမှမဟုတ်လည်း ပို့ပေးတဲ့ အေးဂျင့်၊ ပွဲစားတွေနဲ့လည်း ဆိုင်ရင်လည်း ဆိုင်မှာပေါ့။ ဘယ်လိုပဲပြောပြော တိုင်းပြည်ရဲ့အခြေအနေ အရပ်ရပ်ကြောင့် တရားဝင်နဲ့ထွက်ဖို့ အဆင်မပြေဘဲ အောက်လမ်းကနေလာတဲ့ လူတွေ အတွက်ကတော့ အခုအချိန်မှာ အခက်အခဲတွေ အများကြီး ရှိနေတာကို မြင်နေရပါတယ်။ အဖမ်းအဆီးတွေ ဟာလည်း နေ့တိုင်းလိုလိုပါပဲ။ နယ်စပ် တရားရုံးတွေမှာ သွားတက်လိုက်ရင် တစ်ရက်ကို မြန်မာနိုင်ငံသားဆိုတာ မရှိဘူးဆို အနည်းဆုံး အယောက် ၃၀ နဲ့ အထက်မှာချည်းပါပဲ” ဟု ပြောသည်။

မလေးရှားအာဏာပိုင်တွေက ရွှေ့ပြောင်းတွေကို ဖမ်းဆီးထားစဉ်

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်သည် ထိုင်းနိုင်ငံတောင်ပိုင်း Sungai Golok (ဆွန်ဂိုင် ဂေါ်လော့ခ်) ခရိုင်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နယ်စပ်ဒေသများမှ တရားမဝင် ခိုးဝင်မည့်သူများ၊ နေရပ်ပြန်မည့် သူများအတွက် လက်ရှိအနေအထား အရ မလွယ်ကူသော်လည်း ပွဲစား၊ အေးဂျင့်များမှ အခွင့်ကောင်းယူ၍ ကုန်ကျစရိတ် ပိုမိုတိုးတောင်းလာကြကြောင်း သိရသည်။

ထို့အပြင် လူလိမ်ပွဲစားများလည်း ပိုမိုများပြားလာသည့်အတွက် လက်ရှိတွင် တရားမဝင် လမ်းကြောင်းဖြစ်သည့် နယ်စပ်ဒေသများမှ မလာသင့်သေးကြောင်း မလေးရှားရှိ ရတနာစက္ကနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မလေးရှားဘက်က နိုင်ငံခြားရေးဝန်ကြီးနဲ့ သူတို့ emergency ဆွေးနွေးတယ်ပြောတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ မလေးရှားဘက်မှာရှိတဲ့ နယ်စပ် တော်တော်များများကတော့ အရင်လိုတော့ မလွယ်တော့ဘူး။ အရမ်း ကို ကြပ်သွားတယ်။ အခု လောလောဆယ်ကတော့ ဘလောက်(ဘယ်ရီဂိတ်)တွေက အထပ်ထပ် ချထားတယ်။ အဲဒါ ခန့်မှန်းရခက်တယ်။ အရင်ထက်စာရင်တော့ အရမ်းကြပ်သွားပြီ။ သူ့လမ်းနဲ့ သူ့ကြောင်းတော့ ရှိနေကြတယ်။ ငွေပဲ ပိုပြီးတော့ တောင်းတာပေါ့။ အရင်ထက်စာရင်တော့ အေးဂျင့်တွေကလည်း များလာတယ်ဆိုတော့ တကယ့် နာမည်ရှိတဲ့ အေးဂျင့်မျိုးနဲ့ ပြီးတော့ မလေးရှားမှာရှိတဲ့ လာမယ့်သူတွေရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ သေချာ ချိတ်ဆက်ပြီး မလေးရှားရောက်မှ ငွေချေမယ့် ပုံစံမျိုးနဲ့ဆိုရင် သေချာတယ်။ အရင်အတိုင်း လာမယ် ဆိုရင်တော့ လူလိမ် အရမ်းများတယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိကြတော့ဘူး။ ဒီဥပဒေကို အကြောင်းပြပြီး သူတို့တွေက ငွေ ယူပြီးတော့ပဲ သူတို့လည်း ပြေးသွားတယ်ပေါ့လေ” ဟု ပြောသည်။

မလေးရှားအာဏာပိုင်တွေက ရွှေ့ပြောင်းတွေကို ဖမ်းဆီးထားစဉ်

လက်ရှိ မလေးရှားနိုင်ငံတွင် အလုပ်အကိုင်များမှာ ရှားပါးနေဆဲဖြစ်ပြီး လာမည့် ဇွန်လကုန်တွင် ရီကာလီဘရာစီ ပါမစ် စတစ်ကာများအား နောက်ဆုံးထား ထုတ်ပေးသွားမည် ဖြစ်သောကြောင့် ထိုနောက်ပိုင်း ကာလများတွင် အော်ပရာစီ အဖမ်းအဆီးများ ပြန်လည် များပြားလာနိုင်ကြောင်းလည်း သုံးသပ်ကြသည်။

ထို့အပြင် မလေးရှားနိုင်ငံတွင် အလုပ်ခေါ်စာဖြင့် လုပ်သားခေါ်ယူမှုများကို ရပ်တန့်ထားပြီး ဖြစ်သောကြောင့် ပွဲစား၊ အေးဂျင့်တို့၏ လိမ်လည်မှုများကို ဂရုစိုက်ကြရန်နှင့် အယုံမလွယ်ကြရန် မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက အကြံပြုကြသည်။