CNI International News

ဆိုးလ်၊ ဇူလိုင် ၁၁

မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များကို ဟန့်တားရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ရှင်းလင်းပြတ်သွားစွာ ဖော်ပြဖို့ အချိန်ကျပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲက ပြောသည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။

၎င်းအနေဖြင့် မြောက်ကိုရီးယား၏ ကြီးထွားလာနေသော လက်နက်တိုက်ကိစ္စကို မည်သို့ကိုင်တွယ်ရမည်ကို ယခုရက်သတ္တပတ်တွင် နေတိုး ခေါင်းဆောင်များနှင့် ဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု ပြောသည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)သည် လစ်သူရေးနီးယားနိုင်ငံ၊ ဗီလ်နီးယပ်စ်တွင် ကျင်းပ မည့် နေတိုး နှစ်ပတ်လည် ညီလာခံကို တက်ရောက်မည် ဖြစ်သည်။ 

နေတိုးခေါင်းဆောင်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်

“အခုအချိန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်စီမံကိန်းကို ဟန့်တားသွားဖို့ နိုင်ငံတကာ အသိုင်း အဝိုင်းရဲ့ သန္နိဋ္ဌာန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ချင်တဲ့ ဆန္ဒထက်ကို ပိုပြီး ပြင်းပြ အားကောင်းတယ်ဆိုတာကို ပြရမယ့်အချိန်ပါ”ဟု ယွန်းဆော့ရွဲက ပြောသည်။ 

ယွန်းဆော့ရွဲသည် ညီလာခံကို နှစ်နှစ်ဆက်တိုက် တက်ရောက်လာခြင်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စစ်မဟာမိတ် အဖွဲ့ကြီးနှင့် ရင်းရင်းနှီးနှီး ဆက်ဆံလိုသည့် ဆန္ဒကို ဖော်ပြနေသည်။ 

တောင်ကိုရီးယားမှာ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အန္တရာယ်အပြင် ကန်-တရုတ် ပြိုင်ဆိုင်မှု၏ အန္တရာယ်ကိုပါ ရင်ဆိုင်နေရသည်။ 

ယမန်နှစ်က စပိန်တွင် ကျင်းပခဲ့သည့် နေတိုးညီလာခံသို့ တောင်ကိုရီးယားက ပထမဆုံးအကြိမ် တက်ရောက်ခဲ့ သည်။ 

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ နျူထိပ်ဖူးများကိုတွေ့ရစဉ်

ပြီးခဲ့သည့် နှစ်အစပိုင်းက မြောက်ကိုရီးယားက ဒုံးကျည် အစင်း ၁၀၀ ကျော်ကို စမ်းသပ်ပစ်လွှတ်ခဲ့သလို တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ဖြစ်လာနိုင်သည့် စစ်ပွဲများတွင် နျူကလီးယား လက်နက်များ အသုံးပြု မည်ဟု ဗြောင်ခြိမ်းခြောက်လာခဲ့သည်။

ထို့နောက် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ တောင်ကိုရီးယားနှင့် အမေရိကန်အတွက် အရေးကြီးလာခဲ့သည်။ 

မြောက်ကိုရီးယားမှာ အမှန်တကယ် ထိရောက်သည့် နျူကလီးယားဒုံးကျည်များ ပိုင်ဆိုင်နေပြီလားဆိုသည့် မေးခွန်းမှာ ဆွေးနွေးငြင်းခုန်နေရဆဲပင် ဖြစ်သည်။

၂၀၁၈ ခုနှစ်က တောင်ကိုရီးယားအစိုးရ၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူး ၆၀ ကျော် ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားသည်။ 

ကျွမ်းကျင်သူများကတော့ မြောက်ကိုရီးယားသည် နှစ်စဉ် သူ၏ လက်နက်တိုက်ထဲသို့ ထိပ်ဖူးသစ် ၆ ခုမှ ၁၈ ခု အထိ ဖြည့်တင်းနေသည်ဟု ခန့်မှန်းထားကြသည်။ 

Source:AP