CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၂

မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲ ပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်းများနှင့် ပဲခူးမြို့မှာ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ အခက်အခဲဖြစ်ပေါ်ချိန်တွင် မိမိတို့နိုင်ငံ၏အားဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ ရွေးကောက်ခံ အစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ် နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် ဦးစွာ ဆောင်ရွက်နေခြင်းဖြစ်တယ်”ဟု ပြောသည်။

တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက် သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကောင်းမွန်အောင် ဆောင်ရွက် လိုသည့် စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အောင်မြင်မှုများ ရရှိမည်ဟု ယုံကြည်ပါကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ် ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်တွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်(EAO)- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွေးကောက်ပွဲလုပ်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။

သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံ ရေးပါတီများအား ပါတီမှတ်ပုံတင်ခြင်းကို ပြန်လည် လုပ်ဆောင်ခိုင်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီ ၆၀ ကျော် မှတ်ပုံတင်လာခဲ့ပြီး နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ် ပြိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများလုပ်နေကြသည်။

လက်ရှိအချိန်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အထွေထွေရွေးကောက်ပွဲကို မည်သည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တရားဝင် သတ်မှတ်ကြေညာထားခြင်း မရှိသေးပေ။