CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြု ရန် လိုအပ်သည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နစက၏ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှီသူအချို့က အပြုသဘောမဆောင်သော သတင်းများ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ပိုမိုအားကောင်းလာ စေမည့် ထုတ်ပြန်မှုများ ပြုလုပ်နေမည့်အစား ပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှ ဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်နေမှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားလျက် အပြုသဘော အထောက်အကူပြုသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာအစိုးရမှ ရှေ့ဆက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆက်လက် အကောင်အထည်ဖော်ခြင်းမှတဆင့် နိုင်ငံတော် အေးချမ်း တည်ငြိမ်ရေးနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုရန် လို အပ်သည်။ ကုလသမဂ္ဂရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန် ပျက်ကွက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး ကို စွက်ဖက်နေသည့် နိုင်ငံအချို့နှင့် လုပ်ပိုင်ခွင့်ကိုကျော်လွန် လုပ်ဆောင်နေသူ ကုလသမဂ္ဂမှတာဝန်ရှိသူအချို့ ၏ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွယ်ပယ်ချသည်”ဟု ပြောသည်။

ထို့နောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရန် တစ်နိုင်ငံလုံး အကြား အလပ်မရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲသည် စစ်မှန် သော ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေလိုအပ်သည့် အခြေခံလမ်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူ အချို့အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းလျက်ရှိသော်လည်း တစ်ဖက်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပရေး အစိုးရ၏ ကြိုးပမ်း မှုများအပေါ် ပြစ်တင်ဝေဖန်လျက်ရှိသည်မှာ ရှေ့နောက်မညီကြောင်း တွေ့ရှိရသည်ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်ကြေညာခဲ့သည်။

ထို့နောက် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားမှု ၁ နှစ်ပြည့်ကာ ၆ လ နှစ်ကြိမ် သက်တမ်း တိုးခဲ့ရာ စုစုပေါင်း ၂ နှစ်ပြည့်ခဲ့ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံသည် သာမန်အခြေအနေ မဟုတ်သေးဘူးဟုဆို ကာ တပ်မတော်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပ၍ ပုဒ်မ ၄၂၅ အရ သက်တမ်း ၆ လတိုးထားသည်။

တခြားတစ်ဖက်မှာတော့ NLD ပါတီ အမတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့် ဒီမိုကရေစီ လိုလားသူ များက နွေဦးတော်လှန်ရေးဟုဆိုကာ လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြစ် တပ်မတော်ကို ဖြုတ်ချရန် ကြိုးပမ်း လျက်ရှိသည်။