CNI International News

ဘန်ကောက်၊ မေလ ၁၉

ထိုင်းရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရရှိခဲ့သည့် Move Forward Party (MFP) ခေါင်းဆောင် ပီတာ လင်ဂျာ ရိုရန်ရတ် (Pita Limjaroenrat)က နိုင်ငံရေးပါတီ ၈ ပါတီ ပါဝင်သည့် ညွှန့်ပေါင်းအစိုးရတစ်ရပ် အစီအစဉ်ကို ကြာသပ တေးနေ့၌ တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ညွှန့်ပေါင်းအစိုးရ အစီအစဉ်ကို နိုင်ငံရေးပါတီ ၈ ပါတီထဲမှ လွှတ်တော်အမတ် ၃၁၃ ဦးပါဝင်ပြီး ပီတာက သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားကြောင်း ဘန်ကောက်ပို့စ်မှ ရေးသားခဲ့သည်။

သို့သော် မဟာမိတ်အဖွဲ့၏ အကြီးမားဆုံး ပါတီနှစ်ခုဖြစ်သော MFP နှင့် ဖြူးထိုင်း (Pheu Thai) တို့အကြား တင်းမာမှုများ ဖြစ်လာနိုင်သည့် လက္ခဏာများကိုလည်း မြင်တွေ့နေရပြီ ဖြစ်သည်။

ပါတီ ၈ ပါတီ မေလ ၂၂ ရက်တွင် လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသော နားလည်မှုစာချွန်လွှာ (MoU)နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် သံသယဖြစ်မှု တစ်ချို့ရှိကြောင်း ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikaew) က ပြောသည်။

MFP ၏ ဘုရင်စနစ်အား စော်ကားခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်ရန် အစီအစဉ်သည်လည်း ပါတီကြီးနှစ်ခုကြား သဘောထား ကွဲလွဲစရာ အကြောင်းပြချက် တစ်ခု ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောသည်။

 MFP ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်

ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး နားလည်မှုစာချွန်လွှာ (MoU) အား မြင်တွေ့ခဲ့ရကြောင်း၊ ပင်မပါတီက ရေးဆွဲခဲ့ ကြောင်း၊ ဖြူးထိုင်းပါတီ အနေဖြင့် တစ်ချို့အကြောင်းအရာများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် ပါတီ ၈ ပါတီ၏ သတင်းစာ ရှင်းလင်းပွဲတစ်ခုအပြီးတွင် ဒေါက်တာ ချိုနန်က ပြောသည်။

တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၏ တရားဝင် မဟုတ်သေးသော ရလဒ်များအရ ဖြူးထိုင်းပါတီနှင့် MFP ပါတီတို့သည် အောက်လွှတ်တော်တွင် နေရာပေါင်း ၂၉၃ ခု ရရှိခဲ့သည်။
ကျန်နေရာ ၂၀ သည် ပါတီခြောက်ခုမှ ဖြစ်သည်။

လွှတ်တော်နေရာ အများစုကို MFP မှ အနိုင်ရရှိခဲ့သည့်အတွက် ကျန်ညွှန့်ပေါင်း ပါတီများသည် ၎င်းအား ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံရန် သဘောတူခဲ့ပြီး ဖြစ်သည်ဟု ပီတာက ပြောသည်။

မဲပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း၊ ၎င်းတို့သည် ပြောင်းလဲလိုသည့် မျှော်လင့်ချက်နှင့် သဘောထားကို ကိုယ်စားပြုကြောင်း၊ အစိုးရသစ် အနေဖြင့် ရိုးသားစွာ လုပ်ငန်းဆောင်ရွက်ပြီး ထိုင်းပြည်သူ အားလုံးကို ကိုယ်စား ပြုသည့် အစိုးရ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်းလည်း ပီတာက ပြောခဲ့သည်။

ဖြူးထိုင်းပါတီထက် ၁၁ နေရာ ပိုမို အနိုင်ရရှိခဲ့ခြင်းကြောင့် MFP သည် ညွှန့်ပေါင်းအဖွဲ့အတွင်း ဦးဆောင်ခွင့် ရရှိ မည် ဖြစ်သည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန် သီရိကောနဲ့ ပီတာလင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်

ထို့ကြောင့် MFP ဘက်က MoU နှင့် ပတ်သက်သည့် ပထမဆုံးမူကြမ်းကို ရေးဆွဲခဲ့ခြင်း ဖြစ်သော်လည်း အပြီးသတ် စာရွက်စာတမ်းများကို ပါတီ ၈ ပါတီလုံး ပါဝင်သည့် ကော်မတီတစ်ရပ်က ထုတ်ပြန်သွားမည်ဟု ပီတာက ပြော သည်။

MoU ၏ အပြီးသတ် အချက်အလက်များကို မေလ ၂၂ ရက်တွင် ထုတ်ပြန်မည် ဖြစ်သည်။ ယင်းက လက်ရှိ အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွတ် (Prayut) ဦးဆောင်သော ၂၀၁၄ ခုနှစ်က စစ်တပ် အာဏာသိမ်းမှု၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

ပါတီ ၈ ပါတီသည် အိမ်စောင့်အစိုးရထံမှ အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းရေးကို တာဝန်ယူ ဆောင်ရွက်သွားရ န် စိစစ်အကြံပြုရေးအဖွဲ့တစ်ခု ဖွဲ့စည်းသွားမည်ဖြစ်ကာ တခြားသော ပါတီများ ညွှန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရေးကို လည်း ထည့်သွင်း စဉ်းစားသွားမည် ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်