CNI International News

ဘန်ကောက်၊ မေလ ၂၂

တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာမည်ဟု ယူဆထားကြသော နားလည်မှုစာချွန်လွှာ (MoU)ပါ အချက်အလက် များကို ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ဖြစ်လာနိုင်သည့် နိုင်ငံရေးပါတီများအကြား သဘောတူညီချက် ရရှိသေးခြင်း မရှိဟု Move Forward Party(MFP)ပါတီ၏ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်း တွင် ရေးသားဖော်ပြထားသည်။

ညွန့်ပေါင်းအဖွဲ့ဝင် ဖြစ်လာနိုင်ဖွယ်ရှိသည့် ပါတီများနှင့် လက်မှတ်ရေးထိုးရန် ပြင်ဆင်ထားသော နားလည်မှု စာချွန်လွှာပါ အချက်အလက်များကို သဘောတူညီမှု ရရှိရေးအတွက် MFP ပါတီသည် ညွန့်ပေါင်းအဖွဲ့ဝင် လောင်းများ၏ ကိုယ်စားလှယ်များနှင့် သီးခြား တွေ့ဆုံသွားမည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်တာဝပ် တူလာနွန် (Chaithawat Tulanon) က တနင်္ဂနွေနေ့တွင် ပြောသည်။

နိုင်ငံရေးပါတီများအကြား အမြင်မတူညီမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲ မတိုင်မီ ပူးတွဲသဘော တူညီချက်များ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချိုင်တာဝပ် က ပြောသည်။

MoU တွင် MFP ပါတီ၏ အစီအစဉ်များသာမက တောင်ပိုင်းနယ်စပ် ပြည်နယ်သုံးခုတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး အပါအဝင် တခြား ပါတီများ၏ အစီအစဉ်များလည်း ပါဝင်သည်ဟု MFP ၏ အတွင်းရေးမှူးချုပ်က ပြောသည်။

MFP ပါတီမှ အထွေထွေအတွင်းရေးမှူးချုပ် Chaithawat Tulanon ကိုတွေ့ရစဉ်

မေလ ၁၇ ရက်တွင် Prachachart ပါတီ ခေါင်းဆောင်ဖြစ်သူက ယမကာ ဈေးကွက် အတွင်း ယှဉ်ပြိုင်မှုကို ပိတ်ပင် နေသည့် အတားအဆီးများကို အဆုံးသတ်ရေးနှင့် ပတ်သက်သည်ကို မေးမြန်းခဲ့ရာတွင် MFP ပါတီဘက်က ၎င်းတို့ အနေဖြင့် အရက်သေစာ သောက်စားမှုကို အားပေးသွားမည် မဟုတ်ကြောင်း သို့သော် အဖျော်ယမကာ လုပ်ငန်း အတွင်း ဈေးကွက်လက်ဝါးကြီး အုပ်မှုကို တားဆီးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။

ထို့အပြင် လူမှုရေးဆိုင်ရာ ကွဲပြားမှုကို ကြိုဆိုခြင်းအဖြစ် MFP က လိင်တူလက်ထပ်ခြင်းကို တရားဝင် ပြုလုပ်ရန် လည်း စီစဉ်ထားသည်။

Prachachart ပါတီသည် သဘောတူညီချက်တွင် မူဆလင်အရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုမှု လုပ်ဆောင် ပေးရန် အလိုရှိနေကြောင်း ချိုင်တာဝပ်က ပြောသည်။

MFP နှင့် တခြားပါတီ ၇ ခုတို့သည် လွှတ်တော်နေရာ ၃၁၃ နေရာဖြင့် အစိုးရသစ် ဖွဲ့စည်းရန် ပြင်ဆင်နေသည်ဟု ချိုင်တာဝပ်က ပြောသည်။

လွှတ်တော်မှ ထောက်ခံမဲ အလုံအလောက် ရသင့်ကြောင်း၊ လွှတ်တော်အမတ်များနှင့် ဆွေးနွေးမှုများ လုပ်ဆောင် နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

 Prachachart ပါတီ ခေါင်းဆောင်ကိုတွေ့ရစဉ်

စစ်တပ်မှရေးဆွဲသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဝန်ကြီးချုပ်သစ်အား ရွေးချယ်ရေးတွင် ရွေးကောက်ခံ မဟုတ် သော လွှတ်တော်အမတ်များပါ မဲပေးခွင့်ရှိနေခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

တစ်ဆက်တည်းမှာပင် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ သက်ဆင် ရှင်နာဝပ် (Thaksin Sihnawatra)က ၎င်းသည် အစိုးရဟောင်းမှ ကိုယ်စားလှယ်များနှင့် ဟောင်ကောင်တွင် တွေ့ဆုံဖွယ် ရှိသည်ဆိုသည့် သတင်းများ နှင့်ပတ်သက်၍ ငြင်းဆိုခဲ့သည်ဟု သိရသည်။

Source: ဘန်ကောက်ပို့စ်