CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၄

ဖြူးထိုင်းပါတီ ဦးဆောင်သည့် ထိုင်းညွန့်ပေါင်း အစိုးရအဖွဲ့သည် ဒီဇယ်ဈေးနှုန်းများကို ချက်ချင်း လျှော့ချပေးသွား မည်ဖြစ်ပြီး ဓာတ်ဆီဈေးနှုန်းများကိုလည်း သတ်မှတ်နှုန်းထားအလိုက် လျှော့ချပေးသွားမည်ဖြစ်ကြောင်း ဖြူးထိုင်း ပါတီဘက်က ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ရေးသားဖော်ပြခဲ့သည်။

ထို့နောက် လျှပ်စစ်ရထား စီးနင်းခကိုလည်း ဘတ် ၂၀ အထိ လျှော့ချပေးသွားမည်ဟု အတည်ပြုခဲ့သည်။

ဒီဇယ်အပေါ် ယစ်မျိုးခွန် လျှော့ချမှုသည် ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်း အားလုံးအတွက် ဒီဇယ်ဈေးနှုန်းများကို လျှော့ချရာတွင် မှန်ကန်သည့် လမ်းနည်းတစ်ခုဖြစ်ပြီး ဓာတ်ဆီဈေးနှုန်းများကိုမူ အသုံးပြုသူများအလိုက် အုပ်စု များခွဲပြီး လျှော့ချပေးသွားမည်ဟု ဖြူးထိုင်းပါတီက ၎င်း၏ Facebook page တွင် စက်တင်ဘာ ၃ ရက်က ရေးသား ဖော်ပြခဲ့သည်။ 

နောက်ပိုင်းတွင် ပါတီအနေနှင့် ဒီဇယ်ဈေးနှုန်းများကို အမြဲတမ်း လျှော့ချသွားရန် နည်းလမ်းများကို ရှာဖွေသွား မည်ဟုလည်း ဖြူးထိုင်းက ပြောသည်။ 

 ဖြူထိုင်းပါတီက ထိုင်း၀န်ကြီးချုပ်ကိုတွေ့ရစဉ်

စက်တင်ဘာ ၃ ရက်က ထိုင်းနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ ဆိုင်အများစုတွင် ဒီဇယ်ဈေးနှုန်းများသည် တစ်လီတာ လျှင် ၃၁ ဒသမ ၉၄ ဘတ် ရှိခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များ မြင့်တက်နေသည့် ကာလအတွင်း လျှပ်စစ်ဓာတ်အားခ များကို လျှော့ချရန် အစိုးရအနေနှင့် ထိုင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့၏ ဓာတ်အားခ ထောက်ပံ့မှုအတွက် ကြွေးမြီ ပြန်လည်ပေးဆပ်မှုကို သက်တမ်းတိုးချဲ့ သွားမည်ဖြစ်သည်။

ထိုင်းတွင် ယခုလမှစပြီး ဒီဇင်ဘာလအထိ လျှပ်စစ်ဓာတ်အားခများကို တစ်ယူနစ်လျှင် ၄ ဒသမ ၄၅ ဘတ် အဖြစ် သတ်မှတ်ပေးခဲ့သည်။

 ဖြူးထိုင်းပါတီ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယ ဂျန်ကရွန်ရန်ကစ်ကို တွေ့ရစဉ်

အစိုးရအဖွဲ့သည် ပထမဆုံးအကြိမ် ပြုလုပ်မည့် အစည်းအဝေးအတွင်း စွမ်းအင်နှင့် ရေနံဈေးနှုန်းများကို လျှော့ချ ဖြတ်တောက်ရန် ဆွေးနွေးသွားမည်ဟု ဖြူးထိုင်းက ပြောသည်။

ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအသစ်များသည် စက်တင်ဘာ ၅ ရက်တွင် ကျန်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။

ထိုအချိန်အတောအတွင်း ဖြူးထိုင်းပါတီ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယ ဂျန်ကရွန်ရန်ကစ် (Suriya Jungrungreangkit) က လျှပ်စစ်ရထား စီးနင်းခကို ဘတ် ၂၀ သတ်မှတ်ခြင်းသည် အဓိကအချက်ဖြစ်ပြီး ပါတီ၏ မူဝါဒနှင့် အကောင်အထည် ဖော်ရေးတို့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာနတို့ကဲ့သို့ အဖွဲ့ အစည်းများနှင့် ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် မူဝါဒများကို အကောင်အထည်ဖော်ရေးအတွက် အချိန်သတ်မှတ်ချက်နှင့် ရန်ပုံငွေများ ရရှိရေးအတွက်ကို လည်း ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာသွားမည်ဟု သူရိယက ပြောကြားခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်