CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် မြဝတီ-မဲဆောက် လမ်းကြောင်းဖြင့် MOU လုပ်သားများ စေလွှတ်ရန် တင်ပြခြင်းများအား ဒီဇင်ဘာ ၁၉ ရက်နေ့မှစတင်ကာ အလုပ်သမားဝန်ကြီးဌာနမှ  ယာယီရပ်ဆိုင်းထားကြောင်း အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်-မြဝတီ-မဲဆောက် လမ်းကြောင်းသည် လမ်းခရီးအခြေအနေအရ လက်ရှိတွင် စေလွှတ်၍ မရသည့်အတွက် ယခုကဲ့သို့ MOU လုပ်သားအသစ်များကို စေလွှတ်ရန် တင်ပြခြင်းကို ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ရန်ကုန်-ကော့သောင်း-ရနောင်း လမ်းကြောင်းဖြင့် စေလွှတ်ရန်တင်ပြခြင်းအား ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရန်ကုန်-ကော့သောင်း-ရနောင်း လမ်းကြောင်းသည် ယခင်ကတည်းက လေကြောင်းလိုင်းဖြင့်သာ စေလွှတ်ရခြင်း ဖြစ်သည့်အတွက် MOU လုပ်သားတစ်ဦးလျှင် ကုန်ကျစရိတ် ၅ သိန်းဝန်းကျင် ထပ်မံကုန်ကျသွားမည်ဟု ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ရနောင်းလမ်းကြတော့ လေယာဉ်နဲ့သွားပြီဆိုရင် စာထွက်ထားပြီးသား MOU စပြန်ဖွင့်ကတည်းက။ အဲဒီ ကော့သောင်းလမ်းကနေ သွားပြီ လေယာဉ်နဲ့ စစေလွှတ်ပြီဆိုတာနဲ့ လေယာဉ်စရိတ်က ကလေးတွေ ကျခံရမယ်။ ၅ သိန်းဝန်းကျင်လောက်တော့ ထပ်ပြီးကုန်ကျသွားမယ်ပေါ့။ အစ/အဆုံးတွေ ပြန်ပြီး စီစဉ်ရတာဖြစ်တော့ အစ်မတို့ နောက်ဟာတွေတောင် လေယာဉ်လက်မှတ်ဝယ်ဖို့ အခက်အခဲဖြစ်တယ်။ အခုက တစ်နေ့ကို တစ်စီးတောင် ရှိရဲ့ လား မသိဘူး။ လေယာဉ်က ကိုယ်သွားချင်တယ်ဆိုရင်တောင်မှ လေယာဉ် မလုံလောက်တာ ဖြစ်တဲ့အတွက် ကြောင့် အများကြီး သွားလို့မရဘူး။ သွားလို့ရမယ်ဆိုရင် တစ်နေ့ကို လူ ၇၀ ကျော်ထက် ပိုသွားလို့မရဘူး။ လူ ၁၀၀ အထိတောင်မရဘူး။ ဘာလို့ဆို သူက တစ်နေ့ကို တစ်ကြောင်းပဲ ရှိတယ်ဆိုရင် ကျန်တဲ့ တခြား ခရီးသည်တွေ အတွက်က ပေးရဦးမယ်။ ၁၂၀ ဆန့်တယ်ဆိုရင်တောင်မှ ၅၀ လောက်က ပေးရတာဖြစ်တဲ့အတွက် ကျန်တာကမှ MOU အတွက် group ဘိုကင်ရတယ်” ဟု ပြောသည်။

MOU ရွှေ့ပြောင်းမြန်မာလုပ်သားများကိုတွေ့ရစဉ်

လက်ရှိတွင် အာရှလမ်းသစ် အသုံးပြု၍ မရသေးသဖြင့် ထို့ကော်ကိုး - ကျော်ခို့လမ်းအား ဒီဇင်ဘာ ၁၈ ရက်နေ့ မှ စတင်ကာ အတက်အဆင်း တစ်ရက်စီ သွားခွင့်ပြုထားသည့်အတွက် တချို့အေဂျင်စီများသည် MOU လုပ်သားများ ကို ထိုလမ်းကြောင်းဖြင့် စေလွှတ်နေမှုများရှိကြောင်း သိရသည်။

ထို့ကော်ကိုး - ကျော်ခို့လမ်းမှ စေလွှတ်ရာတွင် မော်တော်ယာဉ် အကြီးများကို သွားလာခွင့် မပြုထားဘဲ အိမ်စီးကား အသေးကိုသာ သွားလာခွင့် ပေးထားသည့်အတွက် အံစာတုံးကားများဖြင့် တစ်စီးလျှင် MOU လုပ်သား ၁၅ ဦးခန့် တင်ဆောင်၍ သွားနေကြကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ သိရသည်။

မြဝတီ-မဲဆောက် လမ်းကြောင်းဖြင့် MOU လုပ်သားများ စေလွှတ်ရန် တင်ပြခြင်းများအား ဒီဇင်ဘာ ၁၉ ရက်နေ့ မှစတင်ကာ ယာယီရပ်ဆိုင်းထားခြင်းဖြစ်သော်လည်း ထို ၁၉ ရက်နေ့ မတိုင်ခင်အထိ စေလွှတ်ရန် ကျထားသည့် ကာလမှာ ဇန်နဝါရီလအထိ ရှိကြောင်း MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူက နှစ်ပိုင်းရှိတယ်။ နှစ်သစ်ကူးမတိုင်မီကို ဝင်ရမယ့်သူတွေရှိတယ်။ နှစ်သစ်ကူးပြီးမှ ခေါ်မယ့်သူတွေ ရှိတယ်။ အဲဒီတော့ အဓိကကတော့ ဒီဘက်မှာ နှစ်သစ်ကူး မတိုင်ခင် ခေါ်မယ့်လူတွေ ကုန်သွားဖို့ အရေးကြီးတာ။ နှစ်သစ်ကူးပြီးမှ ခေါ်တဲ့လူတွေက ပြဿနာမရှိဘူးလေ။ မတိုင်ခင် ခေါ်မယ့်လူတွေကို အကယ်၍သာ နှစ်သစ်ကူး ပြီးမှသာ သွားလို့ရမယ်ဆိုရင် ဟိုဘက်မှာ အလုပ်လိုတဲ့ သူဌေးတွေကကြတော့ ဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့ သူက အလုပ်လိုတဲ့အချိန်မှာ ဒီဘက်အလုပ်သမားပို့ရမယ့် တာဝန်ရှိတယ်လေ။ တကယ်လို့ အဲဒီလိုမပို့နိုင်ဘူး ဆိုရင်သူက အစားထိုးလိုက်ရင် ဒီဟာတွေက ဒုက္ခရောက်သွားမှာပေါ့။ ဟိုမှာရှိပြီးသား အလုပ်သမားတွေနဲ့ အစား ထိုးတာတို့၊ demand ဖျက်လိုက်တာတို့ ပြဿနာတက်နိုင်တယ်။ အဲဒါလေးကတော့ ဒီဘက်က သတိထားရတာ ပေါ့” ဟု ပြောသည်။

ကော့သောင်း-ရနောင်းလမ်းကနေ ထိုင်းဘက်သွားမည့် MOU လုပ်သားများကိုတွေ့ရစဉ်

ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မ‌တော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိုလမ်းကြောင်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ထိုကဲ့သို့ ထိန်းချုပ်ထားဆဲ ဖြစ်သည့်အတွက် မြဝတီ-ကော့ကရိတ် လမ်းသစ်အား လက်ရှိအချိန်ထိ နှစ်ပတ်ကျော် ကြာ အသုံးပြုနိုင်ခြင်း မရှိသဖြင့် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေရ ကြောင်းလည်း သိရသည်။