CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၂

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို လာရောက် တိုက်ခိုက်ကြောင်း PNLO မှ ဒုဥက္ကဋ္ဌ (၁) ခွန်ထွန်းတင်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဝမ်ခဲကျေးရွာ အနီးတစ်ဝိုက် RCSS နှင့် PNLO တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

PNLO မှ ဒုဥက္ကဋ္ဌ (၁) ခွန်ထွန်းတင်က “ဒီခေါင်းဆောင်ပိုင်းမှာတော့ ဥပမာ ကျနော်တို့ PPST မှာတော့ ခေါင်းဆောင်ပိုင်းမှာတော့ စကားပြောနေကြတာပေါ့နော်၊ သို့ပေမဲ့လည်း အောက်ခြေမှာတော့ နည်းနည်းတော့ ထူးဆန်းတာ တစ်ခုတော့ ရှိတာပေါ့နော်၊ ဒါပေမဲ့ ကျနော်တို့ ဒီဖက်မှာ‌ မြေပြင်မှာ ရထားတဲ့ သတင်းအရ ဆိုရင် တော့ RCSS တစ်ဖွဲ့တည်း မဟုတ်ဘူး။ PNO နဲ့ ပေါင်းပြီးမှ လာတိုက်တာပေါ့နော်၊ PNO တပ်ရင်း ၄ မှာ လူအင်အား ၂၀ ပါတယ်လို့တော့ ကျနော်တို့ သတင်းရတာပေါ့နော်” ဟု ပြောသည်။

PNLO မှ ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ NSPNC နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရောက်စဉ်

အဆိုပါ RCSS နှင့် PNLO တို့ တိုက်ပွဲကြောင့် PNLO တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ၂ ဦး ပျောက်ဆုံး နေကြောင်း ၎င်းက ပြောသည်။

RCSS နှင့် PNO တို့ ပူးပေါင်းက PNLO ကို လာရောက် တိုက်ခိုက်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်၍ သိရှိနိုင် ရန် RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံထံ CNI က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

အလားတူ RCSS နှင့် PNLO တို့ ဖြစ်ပွားသည့် တိုက်ပွဲမှာ PNO တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ပြောဆိုမှုမှာ မိမိအနေ ဖြင့် မသိရှိသေးကြောင်း PNO မှ ဒုတိယကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြော သည်။

ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက “အဲဒါကတော့ ကျနော်လည်း အဲဒီဖက်နယ်က တာဝန်ခံ မဟုတ်တော့ ကျနော်နဲ့ အလှမ်းဝေးနေ‌တော့ ကျနော်မှတ်ချက် မပေးနိုင်ပါဘူးခင်ဗျ၊ အဲဒါတော့ ကျနော်မှတ်ချက် မပေးနိုင်ဘူးခင်ဗျ၊ ကျနော်ကလည်း ပင်လောင်းမြို့နယ်ကြီး ခင်ဗျ” ဟု ပြောသည်။

PNLO တပ်ဖွဲ့ကို တွေ့ရစဉ်

RCSS နှင့် PNO တို့သည် မည်သည့် အပေးအယူကြောင့် မိမိတို့အား ပူးပေါင်းတိုက်ခိုက်သည်ကို မသိရှိကြောင်း PNLO မှ ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်က ပြောသည်။

၎င်းက “ကျနော်တို့လည်း နားတော့ မလည်ဘူးဗျ၊ ဥပမာ PNO ဂိတ်တွေ ဟိုနမ့် အနီးမှာရှိတဲ့ ဂိတ်တွေက တချို့ ကတော့ RCSS က ဝင်ထိုင်လိုက်တယ်နောက်ပြီး အဲဒီလိုမျိုးတွေတော့ ရှိတာပေါ့နော်၊ နောက်ပြီး သူတို့ ဘယ်လို မျိုး အပေးအယူရှိသလဲ ကျနော်တို့လည်း မသိဘူးဗျ၊ သို့ပေမဲ့လည်း PNO ဆိုရင်လည်း စစ်တပ်ရဲ့ အောက်မှာ ရှိတာ ပေါ့နော်၊ အခုက စစ်တပ်အောက်မှာရှိတဲ့ PNO က RCSS နဲ့ ပေါင်းပြီးမှ ကျနော်တို့ကို လာတိုက်တယ်ဆို‌တော့ ကျနော်တို့လည်း စဉ်းစားစရာကြီး ဖြစ်နေတယ်ပေါ့နော်၊ တဖက်လှည့်နဲ့လည်း ဘယ်လိုမျိုးလည်း ကျနော်တို့လည်း နည်းနည်း စဉ်းစားစရာကြီး ဖြစ်နေတယ်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ အတွင်းကလည်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် RCSS နှင့် PNLO တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။

PNLO နှင့် RCSS တို့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည်။

PNO ကမူ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ဖြစ်သည်။