CNI International News

ဘန်ကောက်၊ မေလ ၂၂

ထိုင်းအထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော Move Forward Party (MFP)ပါတီ အနေဖြင့် ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမရှိပါက နိုင်ငံတွင်း ပဋိပက္ခနှင့် နောက်ထပ် အာဏာသိမ်းမှုများ ထပ်မံပေါ်ပေါက် လာနိုင်သည်ဟု ပညာရှင်တစ်ဦးက သတိပေးကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သို့သော် တစ်ဖက်တွင် ထိုင်းစစ်တပ်က နိုင်ငံ၏ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံး လုပ်ဆောင် သွားမည်ဟု အာမခံချက်ပေးထားကာ နောက်ထပ် အာဏာသိမ်းမှုတစ်ခု ထပ်ဖြစ်လာနိုင်ချေနှင့် ပတ်သက်၍ လည်း ငြင်းချက် ထုတ်ထားသည်။

စနေနေ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားခဲ့ရာတွင် ထိုင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေးအဖွဲ့ (Nida) ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အစီအစဉ်၏ ဒါရိုက်တာဖြစ်သူ ဖီချိုင်း ရတ်နာတီလာကာ နာ ဘူခတ် (Phichai Ratnatilaka Na Bhuket) က MFP ပါတီအစိုးရ ဖွဲ့စည်းနိုင်လျှင် သို့မဟုတ် မဖွဲ့စည်းနိုင်လျှင် ပေါ်ပေါက် လာနိုင်ဖွယ်ရှိသည့် အခြေအနေများကို သုံးသပ်ပြောဆိုထားသည်။

ဒါရိုက်တာဖြစ်သူ ဖီချိုင်း ရတ်နာတီလာကာနာဘူခတ်ကို တွေ့ရစဉ် 

လက်ရှိတွင် စုစုပေါင်း လွှတ်တော် ၃၁၃ နေရာအထိ ရရှိထားသော MFP ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် နောက်ထပ် လွှတ်တော်၏ ထောက်ခံမှု အနည်းဆုံး ၆၆ နေရာ ရရှိလျှင် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းနိုင်လိမ့်မည် ဟု ၎င်းက ပြောသည်။

မဲဆန္ဒရှင်များ၏ ထောက်ခံမှုအပြင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိထားခြင်းကြောင့် MFP ပါတီသည် အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခွင့်ရှိနေကာ ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) သည်လည်း ဝန်ကြီးချုပ်သစ်အဖြစ် ရေပန်းစားနေသည်။

MFP ဦးဆောင်သည့် အစိုးရသစ် လက်ထက်တွင် ထိုင်းနိုင်ငံရေး အခြေအနေများ တည်ငြိမ်ကာ ဒီမိုကရေစီစနစ် ပိုမို အားကောင်းလာပြီး စီးပွားရေး တိုးတက်မှုများလည်း ရှိလာလိမ့်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် တခြား နိုင်ငံများ၏ အထင်ကြီးလေးစားမှုကို ရရှိလိမ့်မည် ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

MFP ပါတီခေါင်းဆောင် Pita Limjaroenrat ကိုတွေ့ရစဉ်

ဆီးနိတ် လွှတ်တော်အမတ်များက မစ္စတာပီတာအား ဝန်ကြီးချုပ်အဖြစ် မဲပေးရန် ငြင်းဆန်မှုကြောင့် MFP အနေ ဖြင့်သာ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခြင်းမရှိပါက တိုင်းပြည်တွင် မတူကွဲပြားမှုများနှင့် ပဋိပက္ခများရှိ နေသည်။

ထို့ကြောင့် တည်ငြိမ်မှု ပျက်ပြားကာ၊ စီးပွားရေး ကျဆင်းမှုကို ဖြစ်စေ၍ တခြားနိုင်ငံများ၏ အမြင်တွင် မကောင်း သော ပုံရိပ်ထင်ဟပ် သွားစေလိမ့်မည်ဟု မစ္စတာ ဖီချိုင်းက ပြောသည်။
ဖြူးထိုင်း (Pheu Thai) ပါတီကသာ အစိုးရဖွဲ့စည်းရန် ခေါင်းဆောင်ဖြစ်လာပြီး ၎င်းတို့၏ အမတ်လောင်းအား လွှတ်တော်တွင် ဝန်ကြီးချုပ်နေရာအတွက် မဲပေးမှုခံယူပါကာ လွှတ်တော်၏ ထောက်ခံမှု ရရှိရန် အာမခံချက် မရှိဟု ၎င်းက ပြောသည်။

ထို့အပြင် ရှပ်နီများ၏ ကန့်ကွက်မှုကြောင့် ဖြူးထိုင်းပါတီ အနေဖြင့် Palang Pracharath နှင့် Bhumjaithai ပါတီတို့အား မဟာမိတ်အဖွဲ့တွင်းသို့ ခေါ်ဆောင်နိုင်မည် မဟုတ်ကြောင်းလည်း ဖီချိုင်းက သုံးသပ်သည်။
ထို့အပြင် မတူကွဲလွဲမှုများနှင့် ပဋိပက္ခများက အာဏာသိမ်းမှုတစ်ခုထံ ဦးတည်စေနိုင်ပြီး နိုင်ငံရေးကို စစ်တပ်က ဝင်ရောက်ခွင့်ရရှိကာ အာဏာကို ဆက်ထိန်းထားနိုင်ကြောင်း၊ ယင်းက နိုင်ငံအား အဘက်ဘက်က ကျဆင်းမှု ဖြစ်စေနိုင်ကြောင်း ၎င်းက သုံးသပ်ရေးသားထားသည်။

Source: ဘန်ကောက်ပို့စ်