CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် စသည့် မြို့နယ်များအတွင်းရှိ ကျေးရွာများနှင့် လမ်းမ ပေါ်များတွင် ဒေသခံများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ဆိုင်းဘုတ်ထောင် ကပ်၍ ထုတ်ပြန်ကြေညာ ထားသည်ကို တွေ့ရသည်။

ယခုလို SSPP/SSA က ဒေသတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ပြီး ဆိုင်းဘုတ်ထောင် ထုတ်ပြန်ထားခြင်းက သူ၏ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုကို ပြသလိုသည့် အနေအထားမျိုးလည်း ဖြစ်နေသည်ဟု တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

SSPP/SSA မှ ထုတ်ပြန်ထားသည့် အချက်များမှာ (က) မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရ၊ (ခ)သစ်တောများ မီးမရှို့ရ၊ အကယ်၍ မိမိတောင်ယာအား မီးရှို့ပါက မီးမငြိမ်းမချင်း စောင့်ကြည့်ရမည်၊ တခြားနေရာသို့ မီးမကူးစေရ၊ (ဂ)တရုတ်နိုင်ငံအတွင်းသို့ ခိုးမဝင်ရ။ တရုတ်နှင့် နယ်စပ် ခြံစည်းရိုးတိုင်များ မနုတ်ရ၊ (ဃ) မိမိမြေနေရာအား ရောင်းခြင်းအပြင် တခြားသူထံသို့ အငှားချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရ၊ (င)ပိုးသတ် ဆေးနှင့် ပေါင်းသတ်ဆေးများ အသုံးပြုပြီးပါက ဗူးခွံများအား စည်းကမ်းတကျ မီးရှို့ ဖျက်ဆီးပစ်ရမည်ဟု ပါရှိသည်။

အဆိုပါ စည်းကမ်းချက်များကို လိုက်နာရမည်၊ မလိုက်နာသည့် မည်သူမဆို အရေးယူ အပြစ်ပေးခြင်းခံရ မည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)သည် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာတွင် ဗဟို ဌာနချုပ်ထား၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ လားရှိုး၊ သိန်းနီ၊ နောင် ချို၊ နမ္မတူ၊ တန့်ယန်းတို့ကို ၎င်း၏ အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

SSPP/SSA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်ဖြစ်သည်။

SSPP/SSA လှုပ်ရှားသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ပြည်သူ့စစ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)တို့ရှိသည်။