CNI International News

ခါတွမ်း၊ ဇူလိုင် ၂

လအတန်ကြာအောင် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ လူ ၉ ဦး သေဆုံးခဲ့ပြီး တစ်ရက်အကြာ ဇူလိုင် ၁ ရက်တွင် ဆူဒန် နိုင်ငံ၊ ခါတွမ်းမြို့တော်ရှိ သမ္မတအိမ်တော်အနီး ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ ကြောင်း စီအင်န်အင်န် သတင်းအရ သိရသည်။

ဆန္ဒပြမှုများအတွင်း လူ ၉ ဦး သေဆုံးခဲ့ရခြင်းကို တုံ့ပြန်သည့် အနေဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်ပေးရန် တောင်းဆိုကြသည့် ဆန္ဒပြသည့် အုပ်စုများက ငြိမ်းချမ်းစွာ လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်သွားကြမည်ဟု ကတိပြုခဲ့ကြသည်။

ခါတွမ်းမြို့နှင့် ညီအစ်မမြို့များဖြစ်ကြသော အွန်ဒါမန်နှင့် ဘာဟရီမြို့တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ ဆန္ဒပြသူများနှင့်သဘောထား ကိုက်ညီသူများဖြစ်ကြောင်း ဆူဒန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သဘောထား မှတ်ချက်ပေးရန် တောင်းခံခဲ့သော်လည်း ဆူဒန်အာဏာရကောင်စီက လတ်တလော တုံ့ပြန်ခြင်း မရှိသေးပေ။

“နောက်မဆုတ်ဘဲ ဆက်ပြီး ဆန္ဒပြတာက တိုးလာနိုင်ပေမယ့် ကျနော်တို့ဘက်ကလည်း အခိုင်အမာဖြစ်အောင် တည်ဆောက် ရဦးမယ်” ဟု အယ်လ်ရီဒါ အယ်ရာရှက်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

 

အယ်လ်ရီဒါ အယ်ရာရှက်သည် ခါတွမ်းမြို့လယ်ခေါင်၌ အခြားဆန္ဒပြသူများနှင့်အတူ လက်ဖက်ရည်သောက်ရင်း ကြွေးကြော် သံ စာတန်းများ ရေးပေးနေသူ ဖြစ်သည်။

အိုမာဒန်မြို့မှ လာရောက် ပူးပေါင်းကြသူများနှင့် အနီးအနားမှ ဆန္ဒပြလိုသူများကိုလည်း အယ်ရာရှက်တို့က ဖိတ်ခေါ် ကမ်းလှမ်း လျက်ရှိသည်။

ယမန်နှစ်(၂၀၂၁ ခုနှစ်) အောက်တိုဘာလ၌ အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်များကို ၈ လကျော်ကြာ ဆန္ဒပြခဲ့မှုအပြီးတွင် ယခုရက်ပိုင်း ဇွန်လ ၃၀ ရက်၌ ဆူဒန်ဆန္ဒပြပွဲများ တကျော့ပြန် ပေါ်ပေါက်လာခဲ့သည်။

ဆူဒန်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ အိုမာအယ်ဘာရှား အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အရပ်ဘက်နှင့်စစ်ဘက် အာဏာခွဲဝေရေး သဘောတူညီမှု ရခဲ့ကြသည်။ သို့သော် ၂၀၂၁ ခုနှစ်မှာတော့ ဆူဒန်စစ်တပ်က အာဏာသိမ်းခဲ့သည်။

ဇွန်လ ၃၀ ရက်၌ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်သုံး၍ ဖြိုခွင်းခဲ့ကြောင်း၊ ဖမ်းဆီးထားမှုများလည်း ရှိကြောင်း ခါတွမ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ကျောက်ခဲများ၊ သံတိုသံစများဖြင့် ဆန္ဒပြသူများဘက်မှ ရဲများသို့ ပြန်လှန်ပစ်ပေါက်ခဲ့ကြသဖြင့် လုံခြုံရေးရဲ ဆယ်ဂဏန်းမျှ ဒဏ်ရာရခဲ့ကြောင်း၊ အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

Source: CNN