တိုင်ပေ၊ အောက်တိုဘာ ၂

တရုတ်သည် ထိုင်ဝမ်ကျွန်းတဝိုက်ရှိ ဝေဟင်သို့ အောက်တိုဘာ ၁ ရက်၌ တိုက်လေယာဉ် ၃၈ စင်း ပျံဝဲရန် စေလွှတ်ခဲ့ပြီး ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးဇုန်ကို ချိုးဖောက်ရန် တရုတ်စစ်တပ်၏ အကြီးမားဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် (PLAAF) သည် လေယာဉ်အုပ်စုနှစ်စုခွဲ၍ အုပ်စုဖွဲ့ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကားလျက် စီအင်န်အင်န် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

(Photo-MND)

PLA စစ်လေယာဉ် ၂၅ စင်းသည် မွန်းလွဲပိုင်းတွင် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်၏ အနောက်တောင် ထောင့်ကို ဝင်ရောက်လာခဲ့ပြီး အခြားနောက်ထပ်လေယာဉ် ၁၃ စင်းသည် ကျွန်း၏အနောက်တောင်ဘက်သို့ ညပိုင်းတွင် ဝင်ရောက်ပျံသန်းခဲ့ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

မွန်းလွဲပိုင်းက ဝင်ရောက်ခဲ့သော တရုတ်လေယာဉ်များသည် ထိုင်ဝမ်ကျွန်း၏အနောက်တောင်ဘက်တွင်သာ ဝဲပျံခဲ့သော်လည်း ညဦးပိုင်းပျံသန်းမှုတွင် လေကြောင်းကာကွယ်ရေးဇုန်ကို ဖြတ်၍ အရှေ့မြောက်သို့ ဦးတည်ပြီး တရုတ်ပြည်မကြီးထဲသို့ ပြန်ဝင်ရောက်သွားကြောင်း ဆိုသည်။

ထိုကျူးကျော်မှုတွင် PLA လေယာဉ် ၂၅ စင်းအနက် J-16 အမျိုးအစား တိုက်လေယာဉ် ၁၈ စင်း၊ Su-30 တိုက် လေယာဉ် ၄ စင်း၊ H-6 ဗုံးကြဲလေယာဉ် ၁ စင်းနှင့် Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်လေယာဉ် ၁ စင်းတို့ ပါဝင်ကြောင်း သိရသည်။

ညပိုင်းပျံသန်းမှုတွင် J-16s လေယာဉ် ၁၀ စင်း၊ H-6s ၂ စင်းနှင့် KJ-500 လေကြောင်းကြိုသတိပေး လေယာဉ် ၁ စင်းတို့ ပါဝင်သည်။ အဆိုပါကျူးကျော်မှုများသည် ထိုင်ဝမ်၏ အချုပ် အခြာအာဏာသက်ရောက်သည့် ဝေဟင် ပိုင်နက်ထဲ အတိအလင်း ချိုးဖောက်ဝင်ရောက်ခြင်းမဟုတ်ကြောင်း ဆိုသည်။ ထိုင်
ဝမ်၏ကမ်းရိုးတန်းအလျားမှာ ရေမိုင် ၁၂ မိုင်အထိ ရှည်လျားသည်။

Photo-CNN

ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ တရုတ်စစ်လေယာဉ်ပျံသန်းမှု ယခင်တစ်ရက်တာမှတ်တမ်းအရ ပြီးခဲ့သည့်ဇွန်လကလည်း တရုတ်လေယာဉ် ၂၈ စင်းအထိ ဝင်ရောက်ခဲ့ဖူးသည်။

၁၉၄၉ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့တွင် ယခုကဲ့သို့ ထိုင်ဝမ်လေပိုင်နက် ကျူးကျော်မှုပေါ်ပေါက်လာခြင်းဖြစ်သည်ဟု စီအင်န်အင်န်က သတင်းရေးသားထားသည်။