၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုထားသည့်အတွက် ဖျက်သိမ်း၍ မရဘူးဆိုပါက မဲပုံးပြန်ထောင်ကာ ပြည်သူ့ ဆန္ဒနှင့်ပဲ ပြန်ဖျက်သိမ်းနိုင်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ရှေ့ဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေသည် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုထားသည့်အတွက် ဖျက်သိမ်း၍ မရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း၍ မရကြောင်း၊ ခေတ်ကာလနှင့် ညီညွတ်မှု မရှိသော အကြောင်းအရာများအား ပြင်ဆင်ရန်အတွက် မိမိတို့အနေဖြင့် လက်ခံကြောင်း” ဟု ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ရှေ့ဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြည်သူ့ဆန္ဒဖြင့် အတည်ပြုထားပါက ပြည်သူ့ဆန္ဒဖြင့် ပြန်ဖျက်၍ရကြောင်း ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်ထင်တာတော့ ပြည်သူ့ဆန္ဒနဲ့ လုပ်တယ်ဆိုရင် ပြည်သူ့ဆန္ဒနဲ့ ဖျက်လို့ ရတာပေါ့။ ပြည်သူ တွေက လက်မခံတော့ဘူးဆိုရင် ပျက်တာပေါ့။ အဲတာကြောင့် မဲပုံးတစ်ခါ ထပ်ထောင်ရင်ကောင်းတာပေါ့။ အရင်တစ်ခါက တော့ နာဂစ်ကာလ ဘာညာနဲ့ဆိုတော့ အတင်းထောက်ခံမဲ များတယ်ဆိုပြီး လုပ်လိုက်တာ။ အခုတစ်ခါ သတ္တိရှိရင် မဲပုံး ထပ်ထောင်ကြည့်ပေါ့။ မဲများရင် ပြတ်ပြီပေါ့။ မဲပုံးမထောင်ပဲနဲ့တော့ ပြောလို့တော့ မရဘူး” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည့် ခေတ်ကာလနှင့်ညီညွတ်မှု မရှိသည့် အကြောင်းအရာများ ပြင်ဆင်နိုင်သည်ဆို သောအခြေအနေကို ပြောရပါက လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းရယူထားခြင်းမျိုးမှာ ကမ္ဘာတွင် မရှိတော့ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ပြည်သူ့ပါတီ (PP)မှ ဥက္က ဦးကိုကိုကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုစဉ်မှာ မိမိတို့အားလုံး ထောင်ထဲမှာ ရှိနေပြီး နာဂစ်ကာလတွင် လုပ်ထားသည့်အတွက် အငြင်း ပွားစရာများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ပါတီ(PP) ဥက္က ဦးကိုကိုကြီးက “ကျနော်တို့ နိုင်ငံက အခုဖြစ်နေတဲ့ ပြဿနာ ဒီမိုကရေစီရေး၊ စစ်တပ်က နိုင်ငံရေး မှာ လွှမ်းမိုးနေတဲ့ ကိစ္စရော၊ ပြီးတော့ ဖက်ဒရယ်ကိစ္စကို မဖော်ဆောင်နိုင်လို့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာရော အားလုံး ဟာ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းပေါ့။ Constitutional crisis လို့ပဲ မြင်ပါတယ်။ ဒါကြောင့်မို့လို ကျနော်တို့ ချည်းကပ်တဲ့ နေရာမှာကတော့ လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တဆင့်ပြီး တဆင့် သွားတဲ့နည်းနဲ့ ဖျက်သိမ်းပြီးတော့ အသစ်ရေးဆွဲမယ်ဆို တဲ့နည်းဟာ ၈၈၈၈ ငွေရတု အခမ်းအနားမှာ ကတည်းက ဒီနှစ်ခုစလုံး တိတိကျကျ မဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့် တစ်ခု မဟုတ်တစ်ခု ဒီဖွဲ့စည်းပုံနဲ့တော့ ဆက်သွားလို့ မရဘူး။ ပြင်၍သော်လည်းကောင်း အသစ်ရေးဆွဲ၍ သော်လည်းကောင်း သွား ရမယ်ဆိုတာက‌တော့ ကျနော်တို့ အားလုံး သဘောတူခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

 

၂၀၁၂ ခုနှစ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကို လက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သလို အနိုင်ရရှိပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြုပြင်ပြောင်းလဲမည်ဟု ကတိပေးခဲ့သော်လည်း ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပေ။

ထို့နောက် NLD သည် လွှတ်တော်အတွင်း ပြင်ဆင်သည့် နည်းလမ်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးကနေ ထွက်ပေါ်လာ သည့် သဘောတူညီချက်များကို လွှတ်တော်သို့ တင်သွင်း၍ ပြင်ဆင်သည့် နည်းလမ်း စသည့် နည်းလမ်း နှစ်ခုဖြင့် ကြိုးပမ်းနေရင်းမှာဘဲ လက်ရှိ အခြေအနေကို ရင်ဆိုင်နေရသည်ဟု ဉီးကိုကိုကြီးက ပြောသည်။

လက်ရှိတွင် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က NLD အစိုးရကိုဖြုတ်ချ၍ နိုင်ငံတော်အာဏာကိုရယူလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေအတိုင်း သွားမည်ဟု ကြေညာခဲ့သည်။

သို့သော် ဖြုတ်ချခံ အင်အားစု ဉီးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်က ကြေညာခဲ့သည်။