CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၇

ထိုင်ဝမ်သို့ လက်နက်များ ထောက်ပံ့ခြင်းအတွက် တရုတ်အစိုးရသည် အမေရိကန်၏ စစ်ဘက်ကန်ထရိုက်တာ များဖြစ်သော Lockheed Martin နှင့် Raytheon တို့ကို ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ပိတ်ဆို့ မှုများ ချမှတ်ခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် အမေရိကန် လက်နက်ကုမ္ပဏီများသည် တရုတ်နိုင်ငံအတွင်း ကုန်ပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အသစ်များ လုပ်ဆောင်ခြင်းမှ တားဆီးပိတ်ပင်ခံရမည်ဟု တရုတ်ကုန်သွယ်ရေးဌာနက ကြာသပတေးနေ့တွင် ပြောသည်။

ထိုင်ဝမ်ကို လက်နက် ရောင်းချခြင်းအတွက် ထိုကုမ္ပဏီများသည် ယုံကြည်၍ မရသော အဖွဲ့အစည်း စာရင်းသို့ အသွင်းခံရသည်ဟုလည်း သိရသည်။

ယခု လုပ်ဆောင်ချက်သည် ထိုကုမ္ပဏီများအပေါ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တရုတ်အစိုးရ၏ အရေးယူ ပိတ်ဆို့မှု များ ချမှတ်ခဲ့ခြင်း အောင်မြင်မှု သို့မဟုတ် ယင်းတို့အပေါ် ထပ်တိုး လုပ်ဆောင်မှု ပြုလုပ်ခြင်းတို့ ဖြစ်ဖွယ်ရှိသည်။

 ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်

တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်လည်း Raytheon နှင့် တခြားသော အမေရိကန် လက်နက် ကုမ္ပဏီများနှင့် အမေရိကန်နိုင်ငံသားများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

လက်ရှိ အချိန်အထိ ပိတ်ဆို့ အရေးယူမှုများကြောင့် ကုမ္ပဏီနှစ်ခုအပေါ် မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်စေမည်လည်း ကွဲကွဲပြားပြား မသိနိုင်ပေ။

အမေရိကန်အစိုးရသည် တရုတ်သို့ လက်နက်နှင့် ဆက်စပ်နေသော နည်းပညာများ ရောင်းချခြင်း အများစုကို ပိတ်ပင်ထားသော်လည်း တစ်ချို့သော စစ်ဘက်ကန်ထရိုက်များသည် လေကြောင်းနှင့်တခြားသော ဈေးကွက်များတွင် အရပ်ဘက် စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။

အမေရိကန်သည် ထိုင်ဝမ်၏ အရေးပါသော စစ်လက်နက်ပစ္စည်းဆိုင်ရာ ထောက်ပံ့သူ ဖြစ်သည်။

အမေရိကန်၏ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် လက်နက်ရောင်းချမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်

Raytheon နည်းပညာကိုတွေ့ရစဉ်

စစ်တပ် ရေဒါများကို အဆင့်မြှင့်တင်ရန် Raytheon နည်းပညာကော်ပိုရေးရှင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော Raytheon ဒုံးကျည်နှင့် ကာကွယ်ရေးအဖွဲ့သည် စက်တင်ဘာလတွင် ဒေါ်လာ ၄၁၂ သန်းတန် စာချုပ်ကို ရရှိခဲ့သည်။

Lockheed Martin ကုမ္ပဏီသည် ထိုင်ဝမ်စစ်တပ်အား ရေဒါ၊ ရဟတ်ယာဉ်နှင့် လေကြောင်းသွားလာမှု ထိန်းချုပ်ရေး ပစ္စည်းများ ပံ့ပိုးသည်။

တရုတ်တွင် Lockheed Martin သည် အရပ်ဘက် လေယာဉ်ကွင်းများအတွက် လေကြောင်း ထိန်းချုပ်ရေး ကိရိယာများ၊ စီးပွားဖြစ် အသုံးပြုရန် ရဟတ်ယာဉ်များကို ရောင်းချသည်။


အမေရိကန် ကုမ္ပဏီများအပေါ် တရုတ်၏ ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခြင်းသည် အမေရိကန် လေပိုင်နက် အတွင်းသို့ တရုတ်၏ မိုးပျံပူဖောင်းများ ဝင်ရောက်လာခြင်းအတွက် အမေရိကန်ဘက်က တရုတ်ကုမ္ပဏီ ခြောက်ခု ကို အရေးယူမှု လုပ်ဆောင်လိုက်ပြီး တစ်ပတ်မပြည့်မီ အချိန်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Source: အယ်ဂျာဇီးယား