၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃

ရှမ်းနီလူငယ်အဆိုတော် တစ်ဦးဖြစ်သူ စိုင်းဝေယံအောင်ကို တပ်မတော်က စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က ဖမ်းဆီးသွားသည်ဟု နီးစပ်သူများထံမှ သိရသည်။

လက်ရှိ အချိန်ထိ စိုင်းဝေယံအောင်ကို မည်သည့် ပုဒ်မဖြင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း၊ စိုင်းဝေယံအောင် အနေဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်ကို ဝေဖန်ရေးသားမှုများတော့ ရှိကြောင်း၊ ထို့အချက်ကြောင့် ဖမ်းဆီး ခြင်းလားဆိုသည်မှာလည်း သဲသဲကွဲကွဲမသိရသေးကြောင်း ၎င်းနှင့်နီးစပ်သူများက ဆိုသည်။ 

စိုင်းဝေယံအောင်နှင့် နီးစပ်သူ တစ်ဉီးက “ ည ၁၁ နာရီလောက်က စကစက ဖမ်းသွားတာ။ ဘယ်ကို ခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။ သူ့ရွာမှာ အဖမ်းခံရတာ” ဟု သိရသည်။

စိုင်းဝေယံအောင်သည် ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာမှာ နေထိုင်သူ တစ်ဉီး ဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်မှာ ၎င်းနေ ထိုင်သည့် ကျေးရွာမှာ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ပုံ-ရှမ်းနီလူငယ်အဆိုတော် စိုင်းဝေယံအောင်

ထိုနေ့ တစ်ရက်တည်း (စက်တင်ဘာ ၂၉ ရက်)မှာပဲ ဟုမ္မလင်းမြို့နယ် နောင်ပူအောင်ရွာမှ ဒေသခံ (၄) ဦးကို တပ်မတော်က ဖမ်းဆီးသွားခဲ့သည်။ထိုဒေသခံ ၄ ဉီးကိုတော့ PDF အဖွဲ့များဖြင့် ဆက်စပ်သူဟု ဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံ များက ဆိုကြသည်။

ဟုမ္မလင်းမြို့ ဒေသခံတစ်ဉီးက “အဖမ်းခံရသူအားလုံး ဘယ်မှာ ထိန်းသိမ်းတာ ဘာမှုနဲ့ ဖမ်းတာဆိုတာ မသိရဘူး။ အနည်း ဆုံး ခန္တီးထောင်ရောက်သွားမှ သိကြရတာများတယ်။ ခုလည်း ဘယ်တပ်မှာထားသလဲ မသိကြဘူး” ဟု ပြောသည်။

Youtube တွင်ကြည့်ရှုရန် - - - -- - - -

စိုင်းဝေယံအောင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလတွင် “ရှမ်းနီမြေမှာ ရှမ်းနီနိုင်ရမည်” သီချင်းဖြင့် လူသိများခဲ့သည့် ရှမ်းနီလူငယ် အဆိုတော် တစ်ဉီးဖြစ်သည်။

ထို့နောက် စိုင်းဝေယံအောင်သည် ၎င်း၏ တေးသီချင်းအသစ်များ ထွက်ရှိရန် လုပ်ဆောင်နေစဉ်အတွင်း လက်ရှိ နိုင်ငံရေး အကျပ်အတည်းကာလကို ကြုံတွေ့ရစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်က ခန္တီးမြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)၏ မြို့နယ် ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်သည်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တပ်မတော်ကို ပုတ်ခတ် ရေးသားဖြန့်ဝေမှုများနှင့် ဆက်စပ်ကာ တပ်မတော်က ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။